ရေဖြူမြို့နယ် နဘုလယ်ဒေသ ပုဇွန်အင်းတံတားအနီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ကျည်ထိမှန်ဒဏ်ရာရ

0
113

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာအထွက် ထိန်ကြီးကျေးရွာအကြား ဒေသအခေါ် ပုဇွန်အင်းတံတားအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကားဖြင့် အာရုဏ်ဆွမ်းစားကြွသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အသက် ၄၅ နှစ်အရွယ် နဘုလယ်ရွာသားတစ်ဦးက “ဝေလီဝေလင်းအချိန် သေနတ်သံ လေးငါးချက် ပစ်သံကြားရတယ်။ မနက်ရောက်မှ ဘုန်းကြီးကား ပစ်ခံရတာလို့ သိရတယ်။ ဘုန်းကြီးကားဆိုတာ မှားစရာမရှိပါဘူး။ ကားမှာ ကျောင်းနာမည်တွေရေးထားတာ အဝေးကမြင်တာနဲ့သိနေတာ။ သာသနာ့အလံလည်း တပ်ထားတာ” ဟု ပြောသည်။

အရှေ့မူးဒူး ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ ယာဉ်မောင်းတစ်ဦးနှင့်အတူ VIGO ကားဖြင့် ပရဒတ်ကျေးရွာ အလှူအိမ်တစ်အိမ်ကို အာရုဏ်ဆွမ်းစားကြွချိန်တွင် ထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

စစ်တပ်က မူးဒူးကျေးရွာအထွက်တွင် ဆရာတော်စီးနင်းလိုက်ပါလာသည့်ကားကို သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျောင်းထိုင်ဆရာတော်၏ ဝဲဘက်ပေါင်တွင် ကျည်တချက် ထိမှန်ခဲ့ပြီး ယာဉ်မောင်းအမျိုးသားမှာ ထိခိုက်မှုမရှိခဲ့ဘူးဟု ရွာသားများက ပြောသည်။

လက်ရှိတွင် ပစ်ခတ်ခံရသည့် ကျောင်းထိုင်ဆရာတော်ကို ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက ဆိုသည်။

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ခရီးစဉ်လမ်းကြောင်းရှိသည်ဟုဆိုကာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း ကုန်လမ်း၊ ရေလမ်း ဝင်ပေါက် ထွက်ပေါက် လမ်းကြောင်းများတွင် လုံခြုံရေးများ တိုးမြင့်ထားခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှစတင်၍ ဒေသအတွင်း အင်အားအလုံးအရင်းဖြင့် လုံခြုံရေးတိုးမြှင့်ချထားစဉ် ဆွမ်းစားကြွသည့်ကား ပစ်ခတ်ခံရခြင်း ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here