စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက် ဘိုကလေးမြို့နယ်အတွင်း ဒေသခံ ၁၀ ဦး ဖမ်းခံရ

0
146

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်။

စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံပြီးနောက် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ အမာခံ သတင်းပေးအဖြစ် နာမည်ထွက်နေသော ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ မရမ်းကွဲကျေးရွာက ရာအိမ်မှူး မြင့်ဇော် (ခေါ်) ရှုပ်ထွေးဆိုသူ သေနတ်ဖြင့် အပစ်ခံရပြီးနောက် မရမ်းကွဲကျေးရွာ အနီးဝန်းကျင်က ဒေသခံများ အဖမ်းခံထားရခြင်းဖြစ်သည်။

“အပစ်ခံရတဲ့သူက သေဖို့များတယ်။ ဘိုကလေးဆေးရုံမှာ တင်ထားတယ်။ စစ်တပ်က ညကရော ဒီနေ့ (နိုဝင်ဘာ ၄) မနက်ကရော ရွာအဝင်လမ်းနဲ့ ရွာချင်း ဆက်လမ်းတွေကို ပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေရော ရွာခံတွေရော ဖမ်းထားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရာအိမ်မှူး မြင့်ဇော် (ခေါ်) ရှုပ်ထွေးဆိုသူ နိုဝင်ဘာလ ၃ ရက်နေ့ ည (၈) နာရီခွဲ အချိန်ခန့်က သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသော စစ်ကောင်စီခန့် ရာအိမ်မှူး မြင့်ဇော် (ခေါ်) ရှုပ်ထွေးဆိုသူသည် မလော့ကျေးရွာအုပ်စုရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အပြင် စစ်ကောင်စီထောက်တိုင် အမာခံ သတင်းပေးတစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေအိမ်ခေါ်ကာ ထမင်းကျွေးခြင်း၊ သတင်းပေးခြင်း၊ စစ်တပ်နှင့်ပေါင်းကာ ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်းများ လုပ်နေသဖြင့် ဧရာဝတီတိုင်း စစ်ဒေသခွဲ၏ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန်ထားသည်။

“သတင်းပေး မြင့်ဇော်ကြောင့် အဖမ်းခံရတဲ့သူတွေ ရှိနေတယ်။ သူ့ကို ၅ ချက်တိတိ သေနတ်နဲ့ ပစ်ခဲ့တယ်။ ပစ်ခတ်မှုဖြစ်စဉ်ကို ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေလည်း ဘေးကင်းလုံခြုံတဲ့နေရာကို ပြန်လည်ရောက်ရှိသွားပြီ” ဟု ဧရာဝတီ မြို့ပြစစ်ဆင်ရေးတာဝန်ခံက ပြောသည်။

ပြည်သူလူထုကို ဒုက္ခပေးပြီး စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများ၊ စစ်ရေး စီးပွားရေး ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ဧရာဝတီ မြို့ပြစစ်ဆင်ရေးတာဝန်ခံက ပြောသည်။

ဧရာဝတီတိုင်းအတွင်း မြို့ပြစစ်ဆင်ရေးအဖြစ် စစ်ကောင်စီ၏ ပစ်မှတ်အသီးသီးကို ယခုနှစ် ဇူလိုင်လမှစတင်ကာ အရှိန်မြှင့် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီသတင်းပေးများကို ယခုအကြိမ်အပါအဝင် စုစုပေါင်း ၅၈ ကြိမ်ခန့် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ ၏ ပြောပြချက်အရ သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here