ဆင်ဘိုမြို့နယ် အောင်မင်္ဂလာရပ်ကွက်မှ ပျောက်ဆုံးနေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ရုပ်အလောင်းသာ ပြန်တွေ့

0
112

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်။

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ တစ်ရက်ကျော်အကြာ ပျောက်ဆုံးနေရာမှ သေဆုံးနေသည့် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဆင်ဘိုဒေသခံများက ပြောသည်။

ဆင်ဘိုဒေသခံတစ်ဦးက “ဖုန်းဆက်ခေါ်ပြီးမှ လုပ်ကြံတယ်လို့ ဈေးထဲမှာပြောနေကြတယ်။ သူတို့နှစ်ယောက်က ၇ ရက်နေ့ မနက်က ဆင်ဘိုမြို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ကွင်းဆင်းသွားကြပြီး လမ်းခွဲသွားကြတာ။ ကွင်းဆင်းသွားနေတုန်း ဖုန်းက တောက်လျှောက်လာနေတာတဲ့။ စောင့်နေတာရှိလို့ ခဏ သွားတွေ့လိုက်ဦးမယ်လို့ ပြောသွားတယ်တဲ့” ဟု ပြောသည်။

၎င်းတို့နှစ်ဦးသည် အောက်တိုဘာလ ၇ ရက်နေ့ ပျောက်ဆုံးသွားရာမှ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်တွေခဲ့ခြင်းဖြစ်သည်။

အသုံးပြုသူနည်းပါးသည့် ဆင်ဘိုမြို့နှင့် မြင်သာကျေးရွာ လမ်းဟောင်းပေါ်တွင် မျက်နှာနှင့် ဦးခေါင်းကို တုတ်နှင့်ရိုက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

နှစ်ဦးစလုံးကို လက်ပြန်ကြိုးတုတ်ပြီး ၎င်းတို့အား ပုဆိုးများဖြင့် မျက်နှာကိုစည်း၍ မျက်နှာနှင့် ဦးခေါင်းတွင်လည်း ရိုက်နှက်ခံထားရသည်ဟု ဒေသခံများက ပြောသည်။

သို့သော် မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ သတ်သွားသည်ကိုမူ မသိရသေးဟု ဆင်ဘိုဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံလိုက်ရသူများမှာ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ထွဋ်နှင့် ရာအိမ်မှူး ဦးလှစင်းတို့ဖြစ်ပြီး ဦးမောင်ထွဋ် ကိုင်ဆောင်သွားသည့် ဖုန်းနှစ်လုံးမှာလည်း ၎င်းတို့နှစ်ဦး ပျောက်ဆုံးသွားသည့်နေ့ အောက်တိုဘာလ ၇ ရက်နေ့၊ ညနေ ၃ နာရီခန့်ကစတင်ပြီး စက်ပိတ်သွားခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

အလောင်းတွေ့သည့်နေရာနှင့် ပေ ၄၀ အကွာတွင် ၎င်းတို့နှစ်ဦးစီးသွားသည့် ဆိုင်ကယ်ကိုရပ်ထားပြီး ရာအိမ်မှူး၏ လက်ထဲတွင် ဆိုင်ကယ်သော့ကိုသာ တွေ့ရှိပြီး အုပ်ချုပ်ရေးမှူး ကိုင်ဆောင်သွားသည့် ဖုန်းနှစ်လုံးမှာ ပျောက်ဆုံးလျှက်ရှိသည်ဟု မျက်မြင်တွေ့ရှိသူအချို့က ဆိုသည်။

အဆိုပါ အုပ်ချုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့နှစ်ဦးသည် အောက်တိုဘာ ၇ ရက်နေ့လည်ပိုင်းက ဘုန်းကြီးကျောင်းတွင်ရှိနေချိန် တစ်စုံတစ်ဦးက ဖုန်းဖြင့် ခေါ်ဆိုလာပြီးသောကြောင့် ဖုန်းဖြင့်ခေါ်ဆိုသည့်နေရာကို သွားရာမှ ပျောက်ဆုံးသွားခဲ့ပြီး ဆင်ဘိုမြို့နှင့် တစ်မိုင်ခန့်အကွာ မြင်သာကျေးရွာအနီး ကိုးလောင်းကွေ့တွင် တုတ်ဖြင့် ရိုက်သတ်ခံထားရသည့် အလောင်းများသာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here