ပျူစောထီးအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့်‌ ပန်းတောင်းမြို့နယ်မှ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

0
89

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့်‌ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် အသက် ၁၉ နှစ်အရွယ် မောင်သန်းထိုက်‌အောင် (ခ) အငယ်ကောင် ဆိုသည့် လူငယ်တစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“တံတားအောက်က တိုင်ခြေခုံမှာ သူတို့ ညီအစ်ကို ၂ ယောက် ထိုင်နေကြတာကို PDF တွေ လာတယ်ဆိုပြီး တစ်ရွာထဲသား ပြည်သူ့စစ်က ပစ်လိုက်တာ။ အကိုကိုတော့ မထိဘူး” ဟု ပရဟိအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ညီအစ်ကိုနှစ်ဦးထိုင်နေစဉ် ပျူစောထီးများက ပစ်ခတ်ရာမှ ညီဖြစ်သူ မောင်သန်းထိုက်အောင်ဆိုသူ ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာနှင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ အောက်တိုဘာလ ၆ ရက်နေ့၊ ည ၁၁ နာရီ အချိန်ခန့်တွင် ညောင်ခြေထောက်ကျေးရွာ၏ အနောက်ဘက်ရှိ ပြည်-တောင်ကုတ် ကားလမ်း၊ ချောင်းကူးတံတားအောက်တွင် ညီအစ်ကိုနှစ်ဦးထိုင်နေကြစဉ် ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူ လူငယ်၏ ရုပ်အလောင်းကို မိသားစုအားပြန်ပေးပြီး အမြန်ဆုံးသင်္ဂြိုလ်ရန်နှင့် လူမစည်ကားအောင်လုပ်ကြရန် ဖိအားပေးမှုများလည်း ရှိခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူအချို့က ပြောသည်။

ထို့သို့ ဖိအားပေးမှုများကြောင့် အောက်တိုဘာလ ၇ ရက်နေ့၊ နေ့လည် ၁၁ နာရီ အချိန်တွင် ညောင်ခြေထောက်သုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ကြသည်ဟု နီးစပ်သူများက ပြောသည်။

ယခု ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့သည့် အဆိုပါ ညီအစ်ကိုနှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က အဖွဲ့များမဟုတ်ဘဲ တံတားအောက်တွင် သံတိုသံစများရှာနေစဉ် ပစ်ခတ်ခြင်းဖြစ်သည်။

အဆိုပါ သေမှုသေခင်းနှင့်ပတ်သက်၍ အမှုမဖွင့်ဘဲ ပြည် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) နှင့် ညှိနှိုင်းကာ သင်္ဂြိုလ်ခဲ့ရခြင်းဖြစ်သည်။

ပန်းတောင်းမြို့နယ်ထဲတွင် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ပိန္နဲခုံကျေးရွာ ရှိ မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံ လူငယ်လူကြီးအချို့ကို PDF အဖွဲ့ဝင်များဟုစွပ်စွဲကာ ပျူစောထီးများက ရိုက်နှက်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ပန်းတောင်းမြို့နယ်၏ အကြီးဆုံး ပျူစောထီးခေါင်းဆောင်သည် မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ပြိုင်ဘက် မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူကိုများကို PDF ဟု စွပ်စွဲခဲ့သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောပြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here