7 June 2023 /

See today's Peace Related News

ရေးမြိုနယ် စသုံးလုံးရုံး ဗုံးထောင် ဖောက်ခွဲခံရ

၂၀၂၂ စက်တင်ဘာ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စက်တင်ဘာလ ၂၆ ရက် မနက် ၉ နာရီအချိန်ဝန်းကျင်က စစစ (စသုံးလုံး) ရုံး ဗုံးထောင်ဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။

စစစ (စသုံးလုံး) ရုံး မိုင်းထောင်ဖောက်ခွဲခံရခြင်းကြောင့် အဆောက်အဦးအရှေ့ခြမ်း ပြိုကျပျက်စီးခဲ့ကြောင်း စစစရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လူရှိတဲ့နေရာ‌တော့ မဟုတ်ဘူး။ လူထိခိုက်တာတော့ မရှိဘူး။ အဓိကက အဆောက်အဦးပဲထိတာ။ အဆောက်အဦးကတော့ အရှေ့ဘက်တစ်ခြမ်းလုံး ပြိုကျသွားတယ်” ဟု ၎င်းက ပြောသည်။

ရေးမြို့နယ်၏ အဝင်အထွက်ဂိတ်များနှင့် ရုံးအနီးတွင် လုံခြုံရေးအင်အား အပြည့်ယူပြီး ဆိုက်ကယ်နှင့်ကားများကို စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့တွင်လည်း စစစရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခဲ့သေးကြောင်း၊ စစစရုံး ဗုံးထောက်ဖောက်ခွဲခံရမှုနှင့် ပတ်သတ်ပြီး မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က မိုင်းထောင်ဖောက်ခွဲခံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရေးမြို့နယ်အတွင်း လုံခြုံရေး အထူးတင်းကြပ်ကာ ဒေသန္တရအမိန့်များ ထုတ်ပြန်ထားသော်လည်း အစိုးရရုံးများ ပစ်ခတ်တိုက်ခိုက်ခံရများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၃ ရက်ကလည်း ရေးမြို့ လဝကရုံးကို ရေးဘီလူးအဖွဲ့ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် လဝကရုံးမှ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

MNA – ပေးပို့သည်။