တောင်ကုတ်မြို့မှ ဆရာဝန်တစ်ဦးအား မတရားအသင်းဆက်သွယ်မှုဖြင့် စစ်ကောင်စီတပ်က အမှုဖွင့်

0
92

၂၇ စက်တင်ဘာ ၂၀၂၂

စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့မှ ဒေါက်တာ ကျော်သူရထွန်းကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂) တို့ဖြင့် စက်တင်ဘာလ (၂၃) ရက်နေ့က အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှသိရသည်။

ဒေါက်တာ ကျော်သူရထွန်းသည် စက်တင်ဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နှစ်ပတ်ကျော်ကြာစစ်ဆေးခံရပြီနောက်တွင် တောင်ကုတ်မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ကာ ထိုပုဒ်မများဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဟု ဇနီးဖြစ်သူ ဒေါ်မိုးမိုးဝါက ပြောသည်။

“သူ့ကို ၂၃ ရက်နေ့မှာ တောင်ကုတ်ရဲစခန်းကို ပို့ပြီးတော့ မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်တယ်လို့ပြောတယ်။ ဘယ်အဖွဲ့အစည်းနဲ့ ဆက်နွယ်တယ်ဆိုတာကိုတော့ မသိသေးဘူး။ ကျမတို့လည်း သူကျန်းမာရေးအတွက်ကိုပဲ စီစဉ်ပေးနေတယ်။ အခုတော့ တောင်ကုတ်ရဲစခန်းမှာပေါ့” ဟု သူကဆိုသည်။

၎င်းမှာ စစ်ကောင်စီတပ်၏ လက်ထဲတွင် ချုပ်နှောင်ခံထားရစဉ်ကာလက အစားအသောက်ကောင်းမွန်စွာ မစားသောက်ခဲ့ရသဖြင့် ကိုယ်ခံအားနည်းနေသဖြင့် ကျန်းမာရေးဆိုးရွားလာမည်ကို စိုးရိမ်မိကြောင်း ဇနီးဖြစ်သူက ဆက်ပြောသည်။

“သူနဲ့ (ရဲစခန်းမှာ) တွေ့ခွင့်ရပါတယ်။ အစားအသောက်တွေလည်း ပို့ပေးနေတယ်။ မနေ့ကဆိုရင် အချုပ်ထဲမှာ သွေးပေါင်တိုင်းတာတွေ လုပ်ပေးတယ်လို့တော့ပြောတယ်။ အထဲမှာက အစားအသောက် ကောင်းကောင်းမစားရလို့ ကိုယ်ခံအားနည်းနေတာ” ဟု ၎င်းကဆိုသည်။

၎င်းကို မည်သည့်အတွက်ကြောင့် မတရားအသင်းဆက်သွယ်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို သိရှိနိုင်ရန်အတွက် တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူး ဇော်လတ်အား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့နောက်ပိုင်း ဒေသခံ (၇) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး မိသားစုဝင်များ တွေ့ခွင့်မရရှိသေးပေ။

ထို့ကြောင့် ၎င်းတို့၏အခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မသိရှိရသေးပေ။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here