သတင်းပေး၏ ဖုန်းတွင်ပါရှိသော အဆက်အသွယ်များကို ဆက်လက်အရေးယူမည်ဟု နဂါးနက်အဖွဲ့ပြော

0
72

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ပစ်သတ်ခံခဲ့ရသည့် စစ်ကောင်စီတပ် သတင်းပေး ထွေ/အုပ်စာရေးမ မနှင်းဝေခိုင်နှင့် ပတ်သက်ဆက်စပ်သူများကို (ဖျာပုံ နဂါးနက်တပ်ဖွဲ့) Black Dragon Force Pyapon အဖွဲ့က အရေးယူမည်ဟု သိရသည်။

“သိမ်းလာတဲ့ သူရဲ့ဖုန်းကို စစ်ဆေးကြည့်တော့ ဖျာပုံမြို့ပေါ်က ကိုယ့်လူသူ့ဘက်သားတွေကိုလည်း သိခဲ့ရတယ်။ သေသေချာချာစိစစ်ပြီး အရေးယူသွားမှာပါ” ဟု Black Dragon Force Pyapon အဖွဲ့၏ တာဝန်ရှိသူ ဗိုလ်နိုင်းဒီက ပြောသည်။

မနှင်းဝေခိုင်၏ လက်ကိုင်ဖုန်းအတွင်း၌ ၎င်းကိုယ်တိုင် ရိုက်ထားသည့် ဓာတ်ပုံ တစ်သောင်းခုနှစ်ထောင်ခန့်ရှိသည့်အနက် အများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တွဲရိုက်ထားသည့်ပုံများဖြစ်သည်ဟု ဗိုလ်နိုင်းဒီက ဆက်ပြောသည်။

လက်ရှိ အခြေအနေတွင် ထွေ/အုပ်စာရေး မနှင်းဝေခိုင်နှင့်အတူ သွားလာလေ့ရှိသူအချို့မှာ စိုးရိမ်မှုရှိနေပြီး စစ်ကောင်စီတပ်များနှင့် ရဲများက ကင်းလှည့်ရာတွင် ကျည်ကာများကို ယခင်က ဝတ်ဆင်ခြင်းမရှိသော်လည်း ယခုတွင် ဝတ်ဆင်၍ ကင်းလှည့်နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“မြို့ကကျဥ်းတယ် တစ်မြို့ထဲမှာနေကြတာလေ။ အတူသွားလာတာတော့ ရှိတယ်။ ဒါပေမယ့် ကျမတို့က သူများကို ဒုက္ခမပေးဘူး။ ဒလန်မဟုတ်ဘူး” ဟု ဖျာပုံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးသည့် အမှတ် ၁၅ ရပ်ကွက်က ထွေ/အုပ်စာရေးမ မနှင်းဝေခိုင်နှင့် သူမ၏ အဖော် မနိုးနိုးဝေတို့နှစ်ဦးကို Black Drag on Force Pyapon အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မနိုးနိုးဝေမှာ ပစ်မှတ်တွင် မပါ၀င်သော်လည်း မြေပြင်တော်လှန်ရေး ရဲဘော်များ၏ လုံခြုံရေးအတွက် ၎င်းကိုပါ မနှင်းဝေခိုင်နှင့်အတူ ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်ဟု Black Drag on Force Pyapon အဖွဲ့ထံမှ သိရသည်။

မနှင်းဝေခိုင်နှင့် မနိုးနိုးဝေတို့နှစ်ဦး၏ နာရေးကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးပေးကာ သြဂုတ်လ ၂၅ ရက်နေ့၊ မွန်းလွှဲပိုင်းတွင် ဖျာပုံမြို့ သုဿန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here