KNLA-PC၊ DKBA နှင့် မွန်ပြည်သစ်တို့ စစ်ကောင်စီနှင့် ဒုတိယ အကြိမ်တွေ့မည်

0
89

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်။

KNU/KNLA-PC အပါအဝင် အပစ်ရပ် အဖွဲ့ ၃ ဖွဲ့နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ရှိသည်ဟု KNU/KNLA/PC နှင့် PPST ပြောရေးဆိုခွင့်ရှိသူက ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။

ဗိုလ်မှူးကြီး စောကျော်ညွှန့်က “ကျန်တဲ့ ကျနော်တို့ KNU/KNLA-PC ၊ DKBA တို့ နောက်ပြီးတော့ New Mon State Party (မွန်ပြည်သစ်ပါတီ) တို့ကနေ ပြီးတော့ စုပေါင်း ဒုတိယအကြိမ်နဲ့ အဲလိုမျိုး စုပေါင်းသွားတွေ့ဖို့ ဆိုတာတော့ရှိတယ်။ သို့သော် ဘယ်နေ့ ဘယ်ရက် အချိန်အခါကို အတိအကျ အကြောင်းကြားလာတာမရှိသလို ဆွေးနွေးရမယ့်ခေါင်းစဉ် အကြောင်းအရာတွေကိုလည်းပဲ ကျနော်တို့အနေနဲ့ ဒါ ရှင်းရှင်းလင်းလင်း ကြိုသိထားတာတော့ မရှိသေးပါ ဘူးခင်ဗျား” ဟု ပြောသည်။

လက်ရှိတွင် NCA အပစ်ရပ်သုံးဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဩဂုတ်လ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ၅ ရက်ကြာ တွေ့ဆုံဆွေးနွေးနေသည်။

စစ်ကောင်စီနှင့် NCA အပစ်ရပ် ၃ ဖွဲ့ တို့ တွေ့ဆုံဆွေးနွေးနေသည့် အခြားတစ်ဖက်တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် NCA လက်မှတ်ရေးထိုးပြီးနောက် လက်နက် ဆက်လက်ကိုင်ဆောင်လိုပါက နယ်ခြားစောင့်တပ် သို့မဟုတ် တပ်မတော်ထဲသို့ ဝင်ရောက်ခွင့်ပေးမည်ဟု ဩဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုထားသည်။

ထိုပြောဆိုမှုနှင့် ပတ်သက်၍ KNU/KNLA/PC နှင့် PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က “နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ NCA ကို ထိုးတဲ့ အပေါ်မှာ အရင်တုန်းက NCA ထိုးတယ် ထိုးပြီးတော့ ကိုယ့်လက်နက်က ကိုယ့်လက်ထဲမှာပဲရှိတယ်။ သို့သော်လည်းပဲ တိုက်ပွဲတွေမဖြစ်အောင် အဓိက တိုက်ခိုက်မှုတွေမရှိအောင် ကျနော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာ စာချုပ်ထဲမှာလည်း အတိအလင်း ဖော်ပြထား သလို ကျနော်တို့ အဓိကကတော့ NCA ထိုးခြင်းသည် ကိုယ့်လက်နက်ကို ကိုယ့်လက်ထဲမှာထားပြီးတော့ ကျနော်တို့ နိုင်ငံအတွက် ဒီငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အတွက်ပေါ့လေ” ဟု ပြောသည်။

ထို့အပြင် “နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းတဲ့ အခင်းအကျင်းမှာ ကျနော်တို့ ပူး ပေါင်းလုပ်ဆောင်တဲ့ ဖြစ်စဉ်တစ်ခု လို့ ကျနော် အနေနဲ့ အဲလိုပဲနား လည်တယ်။ ၅ နှစ်ကျော်ကြာ ဖြတ်သန်းလာ ခဲ့တဲ့ အတွေ့အကြုံမို့လို့ အခု ဒီကိစ္စရပ်တွေ အပေါ် မှာကတော့ ဒါက နစကဥက္ကဋ္ဌရဲ့ အမြင်ရှုထောင့်ကနေပြီး တော့ သူဖြစ်ချင်တဲ့ အာသီသတွေကို သူက ထုတ်ဖော်ပြောကြားတယ်လို့ပဲ ကျနော်အနေနဲ့ အဲ့လိုပဲ နားလည်မှု ရှိပါ တယ်” ဟု ဆက်ပြောသည်။

စစ်ကောင်စီက NCA အပစ်ရပ်အဖွဲ့များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်နေသကဲ့သို့ အပစ်မ ရပ်ထားသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ မိုင်းလား NDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့နှင့်လည်း တွေ့ဆုံသွားရန်ရှိသည်ဟု သိရသည်။

စစ်ကောင်စီနှင့် တစ်ဖွဲ့ချင်းစီ တွေ့ဆုံသည့်ဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ တက်ရောက်ခဲ့ပြီး ထိုအဖွဲ့အစည်းများမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA -PC၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ် မတော် DKBA ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မိုင်းလား NDAA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here