စကစတပ်နှင့် AA အကြား စစ်ရေးတင်းမာနေမှုကြောင့် တောတောင်ကို အမှီပြုပြီး ဝမ်းစာရှာသူများ အခက်အခဲကြုံတွေ့နေရ

0
127

၃၁ မေ ၂၀၂၂

ရခိုင်ပြည်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေမှုကြောင့် တောတောင်များကိုအမှီပြုကာ လုပ်ကိုင်စားသောက်နေကြရသည့် ဒေသခံများ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မင်းပြားမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုပုံစံများ ရှိလာနေသဖြင့် ထင်းခုတ်၊ ဝါးခုတ်ရန် တောတောင်များသို့ စိုးရိမ်ထိတ်လန့်စွာ သွားလာနေကြရသည်ဟု မင်းပြားမြို့နယ်၊ နဂရာအုပ်စု၊ သိမ်ထောင်ကျေးရွာမှ ဦးကျော်မြက ပြောသည်။

“ကျွန်တော်တို့က သစ်ခုတ်တဲ့အလုပ်ကိုပဲ မှီခိုအားထားနေရတာဖြစ်တယ်။ လက်ရှိအခြေအနေကတော့ စိုးရိမ်တယ်။ ဒီလိုပဲ ဝမ်းရေးအတွက် အသက်စွန့်ပြီးသွားနေရတာ” ဟု ဦးကျော်မြက ဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးတင်းမာမှုမြင့်တက်နေသဖြင့် တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည်ဟု AA က မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အရပ်သားပြည်သူများအနေဖြင့် မြန်မာစစ်တပ် သွားလာလှုပ်ရှားနေသည့်နေရာများ၊ မြန်မာစစ်တပ် အထိုင်ချနေထိုင်နေခဲ့သော နေရာများ၊ မြန်မာစစ်တပ်၏ တပ်စခန်းအနီးပတ်ဝန်းကျန်များသို့ သွားလာခြင်းများကို အထူးသတိထားရှောင်ကြဉ်ရန် AA က သတိပေးထားသည်။

မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာသားများမှာလည်း တောတောင်များကို အမှီပြုကာ ဝမ်းစာရှာဖွေနေကြသူများ ဖြစ်ကြသည်။

ဝေသာလီကျေးရွာမှ ဦးသိန်းထွန်းက “တပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေကို မသွားရဲကြဘူး။ လုံခြုံမယ့်နေရာတွေကို သွားဖို့ရှာကြတယ်။ အခုချိန်မှာ မလုံခြုံမှန်းသိတယ်။ အခြေအနေကိုစောင့်ကြည့်ပြီး လုပ်ကိုင်နေရတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းရှိ ကျေးလက်နေပြည်သူအများစုမှာ တောတောင်ကိုအမှီပြုကာ သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းရှာပြီး လုပ်ကိုင်စားသောက်နေကြကာ လယ်လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ကြသည်။

ထိုသို့ငါးဖမ်းသူများမှာလည်း မြန်မာစစ်တပ်၏ ဇက်ရေယာဉ်များ မြစ်ချောင်းအတွင်း သွားလာလှုပ်ရှားနေသဖြင့် စိုးရိမ်နေရသည်ဟုဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဦးမောင်စောချေက “ဇက်သင်္ဘောတွေက မကြာမကြာသွားလာတာတွေရှိတယ်။ အဲဒီနေ့ဆိုရင် ငါးရှာဖို့မသွားရဲတော့ဘူး။ ဒီရွာကလူတွေက ငါးရှာတဲ့အလုပ်တွေနဲ့ပဲ စားဝတ်နေရေးဖြေရှင်းနေရတာ” ဟု ပြောသည်။

“ကျွန်တော်တို့ အမ်းဖက်မှာဆိုရင် စခန်းတွေအများကြီး နယ်မြေတိုးချဲ့ ထားတာတွေရှိတယ်။ အဲဒီနေရာတွေက ဒေသခံပြည်သူတွေအဓိကလုပ်ကိုင်စားသောက်နေကြတဲ့ တောင်ယာတွေကို သွားလို့မရဘူး။ စစ်ရေးတင်းမာနေတဲ့ကာလမှာ ပြည်သူတွေ ပိုပြီးစိုးရိမ်ရတယ်” ဟု အမ်းမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကပြောသည်။

တဖက်မှာလည်း ကုန်းလမ်း၊ ရေလမ်းသွားလာရာတွင် မြန်မာစစ်တပ်မှ စစ်ဆေးခြင်း၊ ကန့်သတ်ပိတ်ပင်ခြင်းများရှိနေသဖြင့် ဒေသခံပြည်သူများမှာ အခက်အခဲများကြုံတွေ့နေကြရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ တစ်နှစ်ကျော်အထိရပ်တန့်နေခဲ့သော်လည်း လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာလာနေကာ ယခုမေလ ၂၆ ရက်နေ့က ပလက်ဝမြို့နယ်တွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here