သန့်ရှင်းသည့် သောက်ရေမရသဖြင့် ကရင်ဒေသ စစ်ရှောင်များ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်နေဟုဆို

0
121

၂၀၂၂ ခုနှစ် မေလ ၃၁ ရက်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နှင့် တပ်မဟာ ၆ ဒေသရှိ စစ်ဘေးရှောင်များ သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရပြီး မသန့်ရှင်းသည့်ရေကို သောက်သုံးရသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

KNU တပ်မဟာ ၁ သထုံ ခရိုင်နှင့် တပ်မဟာ ၆ မြ၀တီ ခရိုင်အတွင်းတွင်ရှိနေသည့် စစ်ဘေးရှောင်များမှာ မိုးရွာသွန်းမှုကြောင့် ရေများနှောက်လာပြီး မသန့်ရှင်းတဲ့ရေများကို သောက်သုံးနေရသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောသည်။

“တပ်မဟာ ၆ ဖက်ခြမ်းမှာ ဆိုလို့ရှိရင်တော့ ဒီ လေးကေ့ကော် ဒေသအတွင်းက ထွက်ပြေးတိမ်းရှောင်တဲ့ IDPs အနေနဲ့ သူတို့မှာ ဆိုလို့ရှိရင်တော့ မိုးရွာရင်တော့ ရေသောက်ရေသန့် အခက်အခဲဖြစ်ပေါ်စေတာပေါ့နော။ ဘာလို့လဲဆိုလို့ရှိရင် ရေကလည်း နှောက်လာတယ်။ ရေကြီးလာတယ်။ ပြီးလိုရှိရင် ရေသန့်စင်တဲ့ဟာတွေကလည်း အလုံအလောက် မရှိကြတဲ့အပေါ်မှာတော့ ဒီရေအခက်အခဲပေါ့နော သောက်သုံးရေ အခက်အခဲတော့ ကြုံနေရ တာပေါ့။ ဒီတပ်မဟာ ၁ ဖက်ခြမ်းမှာ ဆိုလို့ရှိရင်လည်း သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့နေရတာ ရှိတယ်။ သောက်သုံးရေ မသန့်ရှင်းမှုကြောင့်မို့လို့ ဒီဝမ်းပျက်ဝမ်းလျော့ရောဂါတွေ အခုတလော ကျနော်တို့ ဖြစ်ပျက်နေတယ်လို့ ကျနော်တို့ ကြားသိနေရတာတွေတော့ရှိတယ်ခင်ဗျာ။”

စစ်ဘေးရှောင်များအတွက် ရေသန့်ရရှိရန်နှင့် အခြားကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ကရင်လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးနေသော်လည်း အကူအညီများစွာ လိုအပ်နေသည်ဟု စောနန္ဒဆူးက ဆက်ပြောသည်။

“ကျနော်တို့ ကရင် ကျန်းမာရေးနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ကကျတော့ အဓိက ကျန်းမာရေးပိုင်းဆိုင်ရာကို တာဝန်ယူပေးထားတာပေါ့နော။ ပြီးလို့ရှိရင် ကျနော်တို့ ပြည်တွင်း နေရပ်ရွေ့ပြောင်း ကော်မတီအဖွဲ့အစည်းက DKP ကနေပြီးတော့မှ ရေသန့်စင်ရေးစက်တို့ နောက်တစ်ခြား လိုအပ်တဲ့ အခြေခံ စားနပ်ရိက္ခာတို့ ထောက်ပံ့ပေးတာ မျိုးတွေတော့ ရှိတာပေါ့။”

စစ်ရှောင်များသည် မိုးရွာသွန်းမှုကြောင့် မသန့်ရှင်းတဲ့ရေများကို သောက်သုံးနေရခြင်းကြောင့် ဝမ်းရောဂါဖြစ်ပွားနေသည့်အပြင် နာမကျန်းမှုများနှင့် ငှက်ဖျားရောဂါလည်း ဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင်ရှိနေသည့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ဝမ်းပျက်ဝမ်းလျှောအပြင် ငှက်ဖျားနှင့် နာမကျန်းမှုများလည်း ဖြစ်ပွားနေသည့်အတွက် ဆေးဝါး အကူအညီ များစွာလိုအပ်နေသည်ဟု ဆိုသည်။

ကရင်အမျိုးသမီး အစည်းအရုံး KWO တွဲဖက်အတွင်းရေးမှူး ၂ နော်စေးစေးဟဲက “ဆေးတွေ ကူညီချင်ရင်လည်း ကူညီလို့ရတယ်။ ကိုက်ခဲဖျားနာပျောက်ဆေးလား ခြင်ဆေးလား အခုက များသောအားဖြင့် ငှက်ဖျား ဖြစ်ကြတာများတယ်။ အဲဒါတွေကို ကူညီချင်တဲ့သူတွေလည်း ကူညီလို့ရတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခုနှစ်သောင်း အထက်တွင် ရှိနေသည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG က ပြောသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များမှာ အဖက်ဖက်က အကူအညီများလိုအပ်နေသည့်အပြင် မိုးတွင်းကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားနှင့် နာမကျန်းဖြစ်မှုများ ပိုမိုဖြစ်ပွားလာသည့်အတွက် အကူအညီပေးနေသည့် အဖွဲ့များအနေဖြင့် ကူညီထောက်ပံ့မှုများကို ယခင်ကထက် ပိုမိုကူညီလုပ်ဆောင်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here