ဖယ်ခုံမြို့နယ်အတွင်း အရပ်သားယောင်ဆောင်ထားတဲ့ စကစတပ်သား ၃ ဦးကို ဖယ်ခုံ KNDF ဖမ်းဆီး

0
98

၁၀ မေ ၂၀၂၂

ကရင်နီပြည်ထဲကို အရပ်သားပုံစံနဲ့ ဖြတ်သန်းနေတဲ့ သူစိမ်းအမျိုးသား သုံးဦးကို KNDF B-03 တာဝန်ကျရဲဘော်တွေက မင်္သကာလို့ စစ်ဆေးရာမှ စစ်ကောင်စီတပ်သားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးထားတယ်လို့ KNDF B-03 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာ KNDF B-03 ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖယ်ခုံမြို့နယ်ထဲကို ဝါရီဆူးပလိုင်ကျေးရွာကနေ ဖြတ်သန်းသွားလာရာမှ စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူသုံးဦးမှာ စစ်ကောင်စီတပ်မှ တပ်မ (၆၆) က တပ်သားတွေဖြစ်ပြီး အခုလက်ရှိမှာတော့ KSP ကို အပ်နှံထားတယ်လို့ KNDF B-03 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ အဓိကကတော့ KSP လက်ထဲကို အပ်လိုက်တယ်ပေါ့နော။ KSP လက်ထဲအပ်ပြီးတော့ သူတို့ဟာသူတို့ စစ်ဆေးခိုင်းတယ်ပေါ့နော။ သူတို့ဟာသူတို့ KSPကပဲ တာဝန်ယူပေးတာပေါ့နော။ ဖမ်းဆီးတဲ့လူတွေကို KSP လက်ထဲအပ်တယ်ခင်ဗျ။“ လို့ ၎င်းက ပြောပါတယ်။

KNDF B-03 ထိန်းချုပ်နယ်မြေထဲမှာ စစ်တပ်ထုတ်ကုန်တွေကို စစ်ဆေးနေတာဖြစ်ပြီး အခုလိုစစ်ဆေးတာ ဒီကနေ့ (မေလ ၉ ရက်နေ့) အထိ ၄ ရက်မြောက်သွားပြီလို့ KNDF B-03 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဒီဘက်ပိုင်းစစ်တာကတော့ မနေ့ညကပဲ စစစ်တာ စစ်တော့ ဘီယာတွေကို ကျနော်တို့ တစ်ခါတည်း ပြန်ဖျက်ခိုင်းတယ်ပေါ့နော။ ဘီယာဖာတွေကို တစ်ခါတည်း ကားနဲ့ ပြန်ကြိတ်လိုက်တယ်ပေါ့နော။ သူတို့ မောင်းလာတဲ့ ကားနဲ့ အဲ့လိုမျိုးပဲ တစ်ခါတည်းပေါ့နော။ မနေ့ညနဲ့ သန်မြန်နေ့ညကပဲ ကျနော်တို့ စစစ်တယ်ပေါ့နော။ ကျန်တဲ့အပိုင်း အရင် တစ်ရက်နှစ်ရက်က ကျနော်တို့ စစ်တာကတော့ အဲ့လောက်အထိ မများသေးဘူးပေါ့နော။“ လို့ ၎င်းက ဆက်ပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းရှိ ဖယ်ခုံမြို့၊ မိုးဗြဲမြို့ ၊ အရှေ့ဘက်ကမ်းအုပ်စု၊ ခေါင်းအိအုပ်စု၊ ရီနွဲ့အုပ်စု၊ ရီလုံရီကန်အုပ်စု၊ ပင်လောင်းအုပ်စု၊ ပေါင်းလောင်းအုပ်စု အတွင်းမှာနေထိုင်တဲ့ လူထုတွေအနေနဲ့ စစ်တပ်ထုတ်ကုန်နဲ့ တရုတ်ပစ္စည်းတွေကို အသုံးမပြုကြပဲ Boycott ပြုလုပ်ကြဖို့ KNDF B-03 က ပြီးခဲ့တဲ့ ဧပြီလကတည်းက အသိပေးကြေညာစာတွေနဲ့ ကြေညာခဲ့ပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here