ဖရူဆိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီမှ ၃ ပွင့်အဆင့်ရှိ အရာရှိတစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံး၊ လက်နက်အချို့ ရရှိ

0
102

၁၀ မေ ၂၀၂၂

ဖရူဆိုမြို့နယ် လောကျေခူကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၃ ပွင့်အဆင့်ရှိ အရာရှိတစ်ဦး အပါအဝင် အနည်းဆုံး ၂၇ ဦး သေဆုံးပြီး သေနတ် ၁၅ လက်နဲ့ ကျည်ဆံ တစ်ထောင်ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ကျည်ဆံ တစ်ထောင်ကျော်ရတယ်။ လက်ပစ်ဗုံး (၄) လုံး ၊ စုဗုံး (၃) လုံး ၊ 7 ကျည် (၄) လုံး ကျနော်တို့ အဲ့တာတွေ သိမ်းရတယ်။ သေနတ်ကတော့ နာတို စက်သေနတ် (၁) လက် ၊ 7 RPG (၁) လက် သူ့ကျည်ဆံ (၄) လုံးပါတယ်။ MA 4 ၊ ၇၉ တွဲ (၁) လက်၊ MA 2 (၂) လက် ၊ MA 1 (၆) လက် ၊ MA 3 (၃) လက်နဲ့ ပစ်စတို (၁) လက် အားလုံး သေနတ်အားလုံးပေါင်း ပစ်စတိုပါတယ်ဆိုရင် ၁၅ လက် သိမ်းဆည်းရတယ်။” လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက် သေဆုံးမှုများသလို ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပြီး စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဘောလခဲမြို့နယ်ကနေ ရိက္ခာသယ်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မနက် ၈ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီယာဉ် ၄ စီးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၈ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲ နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နေ့လည်ပိုင်းမှာလည်း တပ်အင်အား ထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်သားနဲ့ နောက်ထပ်တစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပေါ်နိုင်တဲ့အတွက် လူထုတွေအနေနဲ့ သတိထားပြီး သွားလာကြဖို့ KNDF တာဝန်ရှိသူတစ်ဦးက တိုက်တွန်းထားပါတယ်။

“လက်ရှိက တိုက်ပွဲက ကျနော်တို့ ကရင်နီပြည်မှာတော့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေ ထိုးစစ်တွေ ရိက္ခာပို့ဆောင်မှုတွေ က အကြိမ်လျော့ တာမရှိဘူးပေါ့လေ။ သူတို့ရဲ့ ထိုးစစ်တွေ ပြီးတော့မှ ရိက္ခာပို့ဆောင်မှုတွေက အချိန်မြင့်နေသေးသ၍တော့ တိုက်ပွဲ တော့ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ ပြီးတော့မှ ကျနော်တို့ရဲ့ ခုခံစစ်လို့ပဲ ပြောပြော ကျနော်တို့ရဲ့ တန်ပြန်တိုက်စစ်လို့ပဲ ပြောပြော နေရာမရွေး အချိန်မရွေးတော့ ဖြစ်ပွားနိုင်တာပေါ့လေ။ ဒါကတော့ လက်ရှိ ကရင်နီပြည်ရဲ့ စစ်ရေးအနေအထားပေါ့။ ကျနော်တို့ နေရာတိုင်းမှာ အချိန်တိုင်းမှာ တိုက်ပွဲဖြစ်နိုင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့တော့ မြေပြင်သတင်း နားစွင့်ပြီးတော့မှ သတိကြီးကြီးနဲ့ သွားလာလှုပ်ရှား ဖို့လိုတယ် ဆိုတဲ့အကြောင်းပြောချင်တာပေါ့။” KNDF KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်မှာ ကင်းပုန်းချနေတဲ့ စစ်ကောင်စီတပ်သားနဲ့ KA၊ KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF B-15 က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here