မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ဝင်ငွေများကိုပိတ်ဆို့အရေးယူပေးရန် ကန်သမ္မတ ဘိုင်ဒန်အစိုးရထံ မြန်မာအရပ်ဖက် ၆၀၀ ကျော်နှင့် ပြည်သူ ၂ သိန်းကျော် စာပို့တောင်းဆို

0
92

မေလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်

စစ်ကောင်စီအတွက် လူ့အခွင့်အရေးချိုးဖောက်မှုကို ဆက်လက်ကျူးလွန်စေသည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ (MOGE) မှ ဝင်ငွေများနှင့် ၎င်းတို့ကို ဘဏ်ငွေများ လွဲပြောင်းမှုများကို ပိတ်ဆို့းအရေးယူရပ်တန့်စေရန် အရပ်အဖွဲ့ပေါင်း ၆၀၀ ကျော်နှင့် မြန်မာပြည်သူလူထု ၂သိန်း၂သောင်းကျော်ပါဝင်လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရထံသို့ မေလ ၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့တောင်းဆိုလိုက်သည်။

စစ်တပ်အနေဖြင့် အာဏာသိမ်းထားသည့် ကာလ တစ်လျှောက်လုံးတွင် နိုင်ငံစုံမှ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီများသည် တရားဝင် မြန်မာအစိုးရ ပိုင်ဆိုင်သည့် ကမ်းလွန် ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများမှ ဝင်ငွေများကို စစ်အုပ်စုလက်ထဲသို့ရောက်အောင် ကူညီပေးနေကြကြောင်းနှင့် MOGE မှတဆင့် ပေးချေနေသည့်အပေါ် ရပ်တန့်ပေးရန်နှင့် အရေးယူဆောင်ရွက်ပေးရန် ဘိုင်ဒန်အစိုးရကို တောင်းဆိုကြခြင်းဖြစ်သည်။

ကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုရာတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းပေါင်း (၆၂၆) ဖွဲ့အပြင် မြန်မာပြည်သူလူထု (၂၂၀,၀၀၀) ကျော်မှ စုပေါင်းပါဝင်ပြီး ဘိုင်ဒန်အစိုးရအနေဖြင့် လုပ်ဆောင်ရမည့် အချက် (၃) ချက်ကိုပါ ထည့်သွင်း တောင်းဆိုထားသည်။

ပထမအချက်တွင် ဘိုင်ဒင်အစိုးရအနေဖြင့် စစ်အုပ်စုထံသို့ ရေနံနှင့် သဘာဝဓါတ်ငွေ့မှတဆင့် ရရှိသည့် ငွေကြေးများမရောက်ရှိစေရန် အရေးယူ ပိတ်ဆို့ပေးရန်၊ တရားဝင် အသိအမှတ်ပြုခံထားရသည့် အစိုးရထံသို့ ငွေကြေးများကို သီးခြားသတ်မှတ်ထားသော ဘဏ်စာရင်းများတွင် ပြောင်းလဲထိန်းသိမ်းနိုင်ရေးအတွက် အမေရိကန်၊ ထိုင်းနှင့် တောင်ကိုရီးယားရှိ မဟာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကနဦး တောင်းဆိုထားသည်။

ထို့နောက် စစ်အုပ်စုထံသို့ ရေနံနှင့် သဘာဝဓါတ်ငွေ့ငွေကြေးများ လွဲပေးနေသည့် ရေနံကုမ္ပဏီများနှင့် ဘဏ်များကို ငွေကြေးခဝါချခြင်းအဖြစ် သတ်မှတ်ရန်ရှိသည်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး လိုက်နာခြင်းမရှိသူများကို နောက်ဆက်တွဲ အကျိုးဆက်သက်ရောက်မှုများရှိစေရန် ဆောင်ရွက်ပေးရန် နောက်ထပ် တောင်းဆိုထားသည်။

ထို့အပြင် ဆယ်စုနှစ်ပေါင်းများစွာ ရေနံနှင့် သဘာဝဓါတ်ငွေ့ငွေများကို ခဝါချခဲ့ပြီး အစိုးရ ဘဏ်စာရင်းများလည်း စစ်အုပ်စု လက်အောက်သို့ ရောက်နေပြီးဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ကို စီးပွားရေးအရ ပိတ်ဆို့အရေးယူရန်ကိုပါ တောင်းဆိုထားကြသည်။

စစ်တပ်အနေဖြင့် အာဏာသိမ်းပြီးချိန်မှစ၍ MOGE ကို အလုံးစုံ ထိန်းချုပ်လိုက်ပြီး ၎င်းမှရရှိသည့် ဝင်ငွေ ၁ ဒဿမ ၅ ဘီလီယံကို သိမ်းဆည်းလိုက်ပြီး ၎င်းငွေကြေး ဆက်လက်ရရှိနေခြင်းသည် ၎င်းတို့၏ ရက်စက်ယုတ်မာမှုများကို ဆက်လက်လုပ်ဆောင်စေနိုင်ပြီး အာဏာသိမ်းမှု အဆုံးမသတ်စေချင်စိတ်ကိုလည်း ဖြစ်ပေါ်စေကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

လာမယ့်မေလ (၁၂) ရက်ကနေ (၁၃) ရက်အထိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်ဒီစီတွင် တွေ့ဆုံသွားရန်ရှိပြီး မြန်မာပြည်က လူအခွင့်အရေးအခြေအနေများနှင့် လူသားချင်းစာနာ မှုဆိုင်ရာအကြပ်အတည်းများအတွက် ဆွေးနွေးသွားရန်ရှိသည်။

သို့သော် မြန်မာ ပြည်သူနှစ်သိန်းကျော်၏ အသံကို သမ္မတဘိုင်ဒန်အစိုးအနေဖြင့် ဦးစားပေးခြေ လှမ်းတစ်ရပ် အဖြစ်နားဆင်ပေးရန်နှင့် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူပေးရန် အချက်သုံးချက်ဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး သမ္မတဘိုင်ဒန်၏ အမေရိကန်အစိုးရအနေဖြင့် အာဆီယံ၏ ဦးဆောင်မှုကို မှီတည်မနေဘဲ ဆက်လက်ဆောင်ရွက်ရမည်ဟု ၎င်းတို့ တောင်းဆိုစာတွင် ရေးသားဖော်ပြထားသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here