အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် ၎င်းတို့၏ အကြပ်အတည်းများအတွက် ယာယီဖြေရှင်း လိုခြင်း သာဖြစ်ကြောင်း NUCC ထုတ်ပြန်

0
92

မေလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်

အာဏာသိမ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်သည် အတုအယောက် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဖြစ်ပြီး ၎င်းတို့ လတ်တလောကြုံတွေ့နေရသည့် နိုင်ငံရေး စစ်ရေးနှင့် အဘက်ဘက် အကြပ်အတည်းများကို ယာယီဖြေရှင်းလိုခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က သဘောထားထုတ်ပြန် ပြောဆိုလိုက်သည်။

စစ်တပ် ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းမည့် စစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်သည် တရားဝင်မှုမရှိသလို ၎င်းတို့၏ အကြပ်အတည် ဆိုက်ရောက်မှုများကို ယာယီဖြေရှင်းလိုခြင်းသာဖြစ်ကြောင်း NUCCက ယခုလို ဆိုသည်။

“နိုင်ငံရေး၊ စစ်ရေး အပါအဝင် အဘက်ဘက်က အကြပ်အတည်းဆိုက်ပြီး ဆက်လက်ရပ်တည်နိုင်ရန် လက်ခဲလာ နေသော စစ်အုပ်စု ၏ ငြိမ်းချမ်းရေး အကြောင်းပြ ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်သာဖြစ်ပြီး အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြင့် ၎င်းတို့ ကြုံတွေ့နေရသည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေး အခက်အခဲများကို ယာယီဖြေရှင်း ရန်ကြိုးစားမှုသာဖြစ်သည်” ဟု ဆိုသည်။

ထို့အပြင် စစ်အုပ်စုအနေဖြင့် တိုင်းရင်းသား ပြည်သူလူထုများအား ခေတ်အဆက်ဆက် ပစ်မှတ်ထား တိုက်ခိုက် ခဲ့ပြီး ယခင်ကာလ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲများကို လည်း မအောင်မြင်စေရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်း မကျော်စေရန် နည်းမျိုးစုံ ဟန့်တား ပိတ်ဆို့ခဲ့ ကြောင်းလည်း NUCC က ယနေ့ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များမှလွဲ၍ ယခင် NCA အပစ်အရပ် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းများနှင့် အပစ်မရပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ် ခဲ့ခြင်းဖြစ်ပြီး အပစ်ရပ်အဖွဲ့အစည်းများတွင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF နှင့် အပစ်ရပ်မလုပ်ထားသည့် ကရင်နီးအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ကချင်အမျိုးသားလွတ်မြောက် တပ်မတော်-KIA စသည့်အဖွဲ့အစည်းအသီးသီးမှ စစ်အုပ်စု၏ ဖိတ်ခေါ်မှုအပေါ် ငြင်ဆန်ထားသည်။

သို့သော် NCA အပစ်ရပ်အဖွဲ့အစည်း (၁၀) ဖွဲ့ထဲမှ KNU၊ CNF နှင့် RCSS မှလွဲ၍ ကျန် လက်နက်ကိုင် ၇ ဖွဲ့ဖြစ်သည့် ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီ အကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)-KNU/KNLA-PC၊ ဗမာနိုင်ငံလုံးဆိုင်ရာဒီမိုကရက်တစ်ကျောင်းသားတပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) စသည့် အဖွဲ့အစည်းများ တက်ရောက်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်း တွေ့ရသည်။

လက်ရှိတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ယမန်နေ့ မေလ ၆ ရက်မှ ယနေ့ မေလ ၇ ရက်နေ့အထိ အထူးအစည်းအဝေးပွဲ ခေါ်ယူကျင်းပနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် NUCC အနေဖြင့် ရှုတ်ချကြောင်း၊၎င်းဖိတ်ခေါ်မှုအပေါ် ပြတ်ပြတ်သားသားငြင်းပယ်ခဲ့ကြသည့် EAOs အဖွဲ့အစည်းများကိုလည်း လေးစားအသိအမှတ်ပြုကြောင်းနှင့် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ခုခံ တော်လှန်ရေး အင်အားစု အဖွဲ့အစည်းများ အားလုံး အနေဖြင့် ပြည်သူလူထု နှင့် တစ်သားတည်း ရပ်တည်၍ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်အားလုံး ချုပ်ငြိမ်းရေးအတွက် ဆက်လက်ပြီး မိမိကျရာကဏ္ဍများတွင် ပါဝင်သွားကြရန်လည်း NUCC ကတိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ မတ် ၈ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် NUCC တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ နိုင်ငံရေးပါတီ၊ ပြည်နယ်/လူမျိုးစုကို အခြေခံ၍ ဖေဖော်ဝါရီ ၁ နောက်ပိုင်း ဖွဲ့ထားသည့် အတိုင်ပင်ခံကောင်စီများ၊ အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများဖြစ်သည့် သပိတ်ကော်မတီ၊ အာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ စသဖြင့် စုစုပေါင်း ၂၈ ဖွဲ့ ခန့်ပါဝင်ကြောင်းသိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here