ဖားကန့်မြို့နယ် လုံးခင်း မှော်ပုံရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

0
128

၅ မေ ၂၀၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်း မှော်ပုံကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထမင်းဆိုင်ပိုင်ရှင်နှင့် စျေးဝယ်သူအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း လုံးခင်းကျေးရွာဒေသခံများထံမှ သိရသည်။

မေလ ၃ရက်နေ့ည ၈ နာရီခန့်အချိန်တွင် ဖားကန့်မြို့နယ်ရှိ ဆန်ခါဘက်မှ လုံးခင်းဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့ရာ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ထမင်းဆိုင်ပိုင်ရှင် ဦးရုံဂွေအသက် ၅၀ နှစ်နှင့် စျေးလာဝယ်သူအမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လုံးခင်းမှ အမျိုးသားတစ်ဦးက ပြောသည်။

”တိုက်ပွဲဖြစ်တာမဟုတ်ဘူး စစ်ကောင်စီတပ်က တစ်ဖက်သတ် လက်နက်ကြီးနဲ့ရွာဘက်ကို လျှောက်ပစ်တာ အဲဒါ တစ်လုံးက ဆောင်းရာသီထမင်းဆိုင်ရှေ့မှာ ကျကွဲတာ ဆိုင်ရှင်နဲ့ဈေးဝယ်တဲ့သူ နှစ်ယောက်‌ကျည်စထိမှန်ပြီး ပွဲချင်းပြီးသေတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကျည်ထိမှန်သေဆုံးသွားသူ နှစ်ဦးမှာ ထမင်းဆိုင်ပိုင်ရှင် ဦးရုံဂွေနှင့် ဈေးဝယ်သူ ဦးမောင်မြင့် အသက် ၄၅ နှစ်တို့ဖြစ်ကြောင်း သိရပြီး ရုပ်အလောင်းအား ယနေ့ သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ည ၇ နာရီဝန်းကျင်တွင် မဇွပ်ယန်ကျေးရွာဘက်မှ လက်နက်ကြီးသံများ ဦးစွာကြားခဲ့ရပြီး ည ၈ နာရီဝန်းကျင်တွင်မူ မှော်ပုံထမင်းဆိုင်ရှေ့ကျရောက်ပေါက်ကွဲမှသာ စစ်ကောင်စီဘက်မှ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်ဟု ဒေသခံ ၁ ဦးက ပြောသည်။

“အစတော့ မဇွပ်ယန်ဘက်က လက်နက်ကြီးသံကြားရတယ် ကျနော်တို့ထင်တာက ကျောက်လုပ်ကွက်တွေမှာ မိုင်းခွဲတာထင်တာ။ နောက်မှ လက်နက်ကြီးနဲ့ ပစ်နေမှန်းသိတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျကွဲသည့် မှော်ပုံနှင့် မဇွပ်ယန်အကျဉ်းထောင်သည် တစ်မိုင်ခန့်မျှသာကွာဝေး‌ကြောင်း ၎င်းကဆက်ပြောသည်။

ဖားကန့်တွင် ပြီးခဲ့သည့်အပတ်တွင်လည်း စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here