နေရာရွေ့ပြောင်းရမည့် ဖားကန့် စစ်ရှောင်များအတွက် အိမ်ခန်းနှင့် စာသင်ခန်းများ လိုအပ်နေ

0
204
Photo-Children seen at the Nanmaphyit IDP camp

၂၀၂၂ ခုနှစ် မေလ ၅ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နမ့်မဖြစ် စစ်ဘေးရှောင်စခန်းက စစ်ရှောင်ပြည်သူအချို့ နေရာပြောင်းရွှေ့ နေထိုင်ကြမည့်နေရာတွင် အိမ်ခန်းဆောင်များနှင့် စာသင်ခန်းဆောင်များ ဆောက်လုပ်ရန်အတွက် အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်များနှင့် စခန်းတာဝန်ရှိသူများက ပြောသည်။

လက်ရှိ နေထိုင်နေသည့် ပုဂ္ဂလိကပိုင် မြေနေရာအတွင်းမှ အသင်းတော်ပိုင်ဝန်းထဲသို့ ပြောင်းရွှေ့ရမည်ဖြစ်ပြီး နေရာသစ်တွင် အိမ်ခန်းဆောင်များ ဆောက်လုပ်ရန်အတွက် အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်ဟု စစ်ရှောင်စခန်း တာဝန်ခံ ဒေါ်ဂျာအုံက ပြောသည်။

“ဒီအတိုင်း စေတနာနဲ့သူတို့ နေခိုင်းတာ ဟုတ်တယ်။ အခုလည်း သူတို့ပြန်ရချင်ပြီ ဆိုတော့ ကျမတို့ ပေးရမှာလေ။ အပြီးကတော့ အခု အခု ချက်ချင်းကို ပြောင်းခိုင်းတာ။ အောက် တိုဘာလောက် ကတည်းကနေ ပြောတာ ဟုတ်တယ်။ အခုကတော့ သူတို့က ဘာဘဲဖြစ်ဖြစ် အတတ်နိုင်ဆုံး အမြန်ရွှေ့ပေးပါလို့တော့ ပြောတယ်လေ”

ရွှေ့ပြောင်းဆောက်လုပ်ရန်အတွက် လိုအပ်နေသည့် အဆောင်များ စစ်ရှောင်မိသားစု ၁၀ စု အတွက် အိမ်ခန်းဆောင်များ၊ စာသင်ကျောင်းဆောင် ၅ ခန်း၊ စတိုးခန်း ၁ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ အိမ်သာ ၁၀ လုံး၊ ထမင်း ချက်ဆောင် မီးဖိုခန်း ၃ ခန်းတို့လည်း လိုအပ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ခံက ဆက်ပြောသည်။

“ကျမတို့လည်း ဒီ ၁၀ အိမ်ထောင် အတွက် Shelter ကို ကျမတို့ ဒီဘက်ကို ပြောင်းလို့ရရင်တော့ သူတို့ကို ဒီဘက် မှာ ပြောင်းလိုက်လို့ရှိရင် Shelter တွေကို ကျမတို့ ဖြုတ်ရင်ဖြုတ်ပေါ့။ အဲလိုမျိုး ပေးလိုက်လို့ရတယ်။ ဒါပေမယ့် ကျမတို့က ကလေးတွေရဲ့ Study Room 5 room (စာသင်ခန်း ၅ခန်း) ကိုကျတော့ ကျမတို့ ပေးလိုက်ရမယ်ဆိုရင် ကလေးတွေ စာသင်ဖို့အတွက်လည်း အခက်အခဲရှိမယ်။”

နမ့်မဖြစ် စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်ပြည်သူများ အားလုံး နေထိုင်ရန် နေရာပြည့်ကြပ်နေသည့်အတွက် စစ်ရှောင်မိသားစု ၄၀ ကျော်က စခန်းအနီးရှိ ပုဂ္ဂလိကပိုင် မြေနေရာတစ်ခုတွင် မြေပိုင်ရှင်များ၏ ခွင့်ပြုချက်ဖြင့် အခမဲ့ ဝင်ရောက်နေထိုင်ခဲ့ကြရာမှာ ယခုပိုင်ရှင်များက အဆိုပါ မြေနေရာအတွင်းမှ ပြောင်းရွှေ့ပေးရန် တောင်းဆိုလာ ခြင်း ဖြစ်သည်။

စစ်ရှောင်အိမ်ထောင်စု ၄၀ ကျော်၊ လူဦးရေ ၁၀၀ ကျော်မှာ အဆိုပါ ပုဂ္ဂလိကပိုင် မြေနေရာဝန်းထဲအတွင် နေထိုင်နေသည်မှာ ၈ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်ဟုလည်း စစ်ရှောင်များက ပြောသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြေပိုင်ရှင်များက ၎င်းတို့ပိုင်မြေနေရာအား ပြန်လည်တောင်းဆိုလာသည့်အတွက် ပြောင်းရွှေ့ပေးရမည့် အခြေအနေဖြစ်လာရခြင်းဖြစ်သည်ဟု ဆိုသည်။

မြေနေရာပိုင်ရှင်က ထိုသို့တောင်းဆိုလာသည့်နောက် ယခုနှစ်ကုန်ပိုင်းတွင် နမ့်မဖြစ် ဘုရားကျောင်းဝန်းအတွင်းရှိ စစ်ရှောင်စခန်းမှ နေရာလွတ်နေသည့် အိမ်ခန်းဆောင်များတွင် အိမ်ထောင်စု ၃၀ ခန့်က ၂၀၂၂ ခုနှစ် မတ်လအတွင်း ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

သို့သော်လည်း နေရာထိုင်ခင်းနှင့် အိမ်ခန်းဆောင် မလောက်ငှတော့သည့်အတွက် ထပ်မံပြောင်းရွှေ့ရန် အိမ်ထောင်စု ၁၀ စု ကျော်၊ လူဦးရေ ၄၀ နီးပါးခန့် ကျန်နေသေးခြင်းဖြစ်သည်။

ယခု အိမ်ခန်းစောင်များ လိုအပ်နေသည် လူဦးရေ ၄၀ ကျော်မှာ နေရာထိုင်းခင်း အခက်အခဲဖြစ်နေသည့်အတွက် ယနေ့အချိန်ထိ မပြောင်းရွှေ့နိုင်ရသေးပဲ ပုဂ္ဂလိကပိုင် မြေနေရာဝန်းထဲတွင် ဆက်နေနေရခြင်းဖြစ်သည်။

စစ်ရှောင်အမျိုးသမီး ဒေါ်ခေါန်စင်နန်က “ရွှေ့ပြောင်းရမယ့်ရက်ကတော့ သတ်တော့ သတ်မှတ်ပြီ။ ဒါပေမယ့် အကုန်လုံးပေါ့နော်။ ရွှေ့ပြောင်းတဲ့လူလည်း ရှိပြီ။ မရွှေ့ပြောင်းရသေးတဲ့ လူလည်းရှိတော့လေ မရွှေ့ပြောင်းရသေးဘူး။ တချို့ အဆောင်အဟောင်းမှာပေါ့ တချို့မရှိတော့ဘူးပေါ့။ ပြောင်းပြီးတော့မှ ရပ်ရွာကို နေအိမ်ကို ပြန် ပြီးမှ သူတို့မနေတဲ့နေရာမှာဘဲ အခုရွှေ့ပြောင်းတဲ့သူတွေကိုလည်း အခုအဲမှာ ပြန်ပြီးမှ ထားထားတာပေါ့။ ဒါပေ မယ့် အကုန်လုံးကလည်း မဆံ့ဘူးပေါ့ နေရာက” ဟု ပြောသည်။

လိုအပ်နေသည့် အိမ်ခန်းဆောင်များအတွက် လတ်တလောအချိန်တွင် ငွေကြေးအကူအညီများ လိုအပ်လျှက်ရှိရာ မည်သည့် အဖွဲ့အစည်း၊ မည်သည့်အလှူရှင်မှ မရှိသေးသည့်အတွက် အခက်အခဲများကြုံနေရခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ဆိုသည်။

စခန်းတာဝန်ခံ ဒေါ်ဂျာအုံက “ကျမတို့က ပြောင်းမယ် ဆိုလို့ရှိရင်လည်း ရာနှင့်ချီပြီးမှ Fund က လိုတယ်လေ။ Shelter ပြုလုပ်ဖို့ရန် အတွက်ကတော့ အခု လောလောဆယ်တော့ ဘယ်အဖွဲ့မှလည်း မကူညီသေးဘူး” ဟု ဆက်ပြောသည်။

ရပ်ရွာအုပ်ချုပ်ရေး တာဝန်ရှိသူများကို အဆောင်များ ရွှေ့ပြောင်းဆောက်လုပ်ပေးရန်လည်း အကူအညီ တောင်းခံခဲ့ရာ ယခုနှစ်မတ်လတွင် စခန်းသို့ လာရောက်ကြည့်ရှုခဲ့ကြသော်လည်း ယခုချိန်ထိ တစ်စုံတစ်ရာ လာရောက်ကူည ပေးခြင်း မရှိသေးဘူးဟု သိရသည်။

နမ့်မဖြစ်စစ်ရှောင်စခန်းသည် ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာတွင်ရှိပြီး အိမ်ထောင်စု ၉၇ အိမ်ထောင်၊ လူဦးရေ ၅၀၀ ကျော်ရှိသည့် ကချင်စစ်ရှောင်စခန်းတစ်ခု ဖြစ်သည်။

အဆိုပါ စစ်ရှောင်စခန်းတွင် ၂၀၁၁ ခုနှစ်တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တကျော့ပြန် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် အနီးတဝိုက်ရှိ ဆိန်ဂတ်ခူး၊ ကံဆီး၊ အောင်ဘာ လေ၊ မှော်ဆာဒီး စသည့် ကျေးရွာများနှင့် အင်ဒွပ်ယန်-ဆွမ်ပရာဘွမ်မြို့နယ်၊ မိုးမောက်မြို့တို့က စစ်ရှောင်ပြည်သူများ နေထိုင်ကြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here