“လိုင်ဇာနဲ့တော့ အဝေးကြီးဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ရေးနဲ့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် တိုက်ပွဲကြီးတွေ စစ်ဆင်ရေးကြီးတွေ လုပ်မယ်ဆိုရင်တော့ ဒီလမ်းက သူတို့ရဲ့ ဗျူဟာမြောက်တဲ့လမ်း ဖြစ်သွားမှာပါ” ဗိုလ်မှူးကြီးနော်ဘူ (ပြန်ကြားရေးတာဝန်ခံ – KIO)

0
124

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် အမေးအဖြေ

၂၅ မတ် ၂၀၂၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီက တရုတ်-နယ်စပ်ဘက်နှင့်နီးသည့် မဂါးယန်စစ်ရှောင်စခန်း အနီး ဘက်သို့ စစ်ကောင်စီ ရိက္ခာပို့မယ့် လမ်းတစ်လမ်း ဖောက်လုပ်ပြီးစီးသွားပြီဟု သိရသည်။ ထိုလမ်းသည် စစ်တပ်က အာဏာမသိမ်းခင်ကတည်းက တောလမ်းပုံစံမျိုးရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် မတ်လတွင် ပြီးစီးသွားခြင်း ဖြစ် သည်။

ယခုပြီးစီးသွားသည့် အဆိုပါလမ်းသည် စစ်ရေးအရ မည်မျှဗျူဟာကျသနည်း၊ ဒီလမ်းဖောက်လုပ်ချိန်မှာ လည်း မဂါးယန်စစ်ရှောင်စခန်းဘက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်မှုများရှိခဲ့သည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ် မေးမြန်းထားသည်။

မေး – ဝိုင်းမော်ဘက်ကနေ ဒီတရုတ်နယ်စပ် ဆမားဘက်ကို စစ်ကောင်စီက လမ်းဖောက်တယ်လို့ သိရတယ်။ အဲ့ဒီအခြေအနေသိချင်ပါတယ်။

ဖြေ – ကားလမ်းဖောက်တာလည်း ပြီးသွားပြီ။ သူတို့စခန်းထဲမှာလည်း ဒီထောက်ပို့လမ်းတွေလည်း ရောက်သွား ပြီ။ အခုကတော့ ပြန်ငြိမ်သွားပြီ။

မေး – အဓိက ကားလမ်းဖောက်ရတဲ့ ရည်ရွယ်ချက် ဘယ်လိုမျိုးလို့ သုံးသပ်လို့ရလဲ။

ဖြေ – အဲ့ဒါကတော့ သူတို့ရဲ့စခန်းထဲမှာ ထောက်ပို့လမ်းမရှိလို့ပါ။ ဆိုတော့ လူလည်းပဲ ပို့ပေးမယ့်လူတော့ အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့ရဲ့စခန်းကတော့ ကျနော်တို့ရဲ့စခန်းကို ဖြတ်ပြီးမှ သွားပို့ပေးရတာ။ အဲ့ဒါ ကြောင့် သူတို့ရဲ့စခန်းထဲမှာ ကားလမ်းပေါက်ပြီဆိုလို့ရှိရင်တော့ သူတို့က စားနပ်ရိက္ခာတို့၊ တခြားသော ဒီစစ် ပစ္စည်းတွေ၊ လက်နက်တွေ၊ ခဲယမ်းတွေ ပို့ဖို့လည်းလွယ်တာပေါ့နော်။ ဒါက ဗျူဟာပိုင်း။ နောက်တစ်ခုရှိ တာကတော့ အဲ့ဒီစခန်းကနေ ကျော်ပြီးတော့ ဖြတ်မယ်ဆိုလို့ရှိရင် တရုတ်ပြည်နယ်စပ်ဘက်ကို ရောက်သွားမှာ ဖြစ်ပါ တယ်။ အဲ့ဒါက ဗျူဟာလမ်းဖြစ်သွားမှာပေါ့။ ဒါပေမယ့် အခုလောလောဆယ်က အဲ့ဘက်ကို ဖြတ်ပြီးမှ ကားလမ်း တွေဖောက်တာကတော့ မတွေ့ရသေးပါဘူး။ တကယ်လို့မှာ သူတို့ အဲ့ဒီဘက်တွေ ဆက်ဖောက်မယ် ဆိုလို့ရှိရင် တော့ တရုတ်ပြည်နယ်စပ်ဘက်ကို ရောက်သွားနိုင်တဲ့ ကားလမ်း ဖြစ်ပါတယ်။ ဒါက ဗျူဟာအရ က တော့ အဲ့လိုရှိတယ်ဆိုတာကို တွေ့ရတယ်။

မေး – အခု ဗိုလ်မှူးကြီးနော်ဘူပြောသွားတဲ့ ပုံစံအရ ဗျူဟာလမ်း ဖြစ်တယ်ဆိုတော့ ဒါက လိုင်ဇာအတွက်ရော တစ်စုံတစ်ရာ ခြိမ်းခြောက်မှုမျိုး၊ စစ်ရေးအရ စစ်တပ်အတွက် အထောက်အကူပြုတာမျိုး ဖြစ်လာနိုင်လား။

ဖြေ – လိုင်ဇာဌာနချုပ်နဲ့တော့ အဝေးကြီးပါ။ အဲ့ဒါကတော့ ဖောက်တဲ့နေရာကတော့ ကျနော်တို့ရဲ့ လှုပ်ရှား တပ် မ ဌာနချုပ်နားမှာ ဖြစ်ပါတယ်။ ကျနော်တို့ လိုင်ဇာနဲ့တော့ အဝေးကြီးဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ရေးနဲ့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် တိုက်ပွဲကြီးတွေ စစ်ဆင်ရေးကြီးတွေ လုပ်မယ်ဆိုရင်တော့ ဒီလမ်းက သူတို့ ရဲ့ ဗျူဟာမြောက်တဲ့လမ်း ဖြစ်သွားမှာပါ။ လိုင်ဇာဌာနချုပ်နဲ့ ဝေးတယ်၊ အမှတ် ၁ လှုပ်ရှားတပ်မ ဌာနချုပ်နဲ့ နီး တဲ့နေရာ ဖြစ်ပါတယ်။

မေး – လမ်းဖောက်တဲ့စစ်တပ်ဘက်က ဘယ်တပ်ရင်း တပ်မတွေပါလဲ။

ဖြေ – အတိအကျတော့ မသိဘူး။ စုံတယ်လို့တော့ သိရတယ်။ စုံတယ်ဆိုတာက မပခက တပ်တွေလည်းပါတယ်။ တခြား တပ်မ ၈၈ တွေလည်း တခြားရှေ့တန်းက တပ်မတွေလည်း ရှေ့တန်းသမားတွေလည်း ပါတယ်လို့ ကြား ပါတယ်။

မေး – ဒီလမ်းဖောက်တဲ့နေရာက မဂါးယန်ဆိုတဲ့ စစ်ရှောင်စခန်းနဲ့ နီးတယ်လို့ ပြောတယ်။ အဲ့ဒီနေရာတွေကို ဒီလထဲမှာ စစ်ကောင်စီက ပစ်လိုက်တဲ့လက်နက်ကြီးတွေ ကျတယ်ဆိုတာမျိုးလည်း ကြားထားတယ် ဆိုတော့ အဲ့ဘက်က အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ – အခုကနက ပြောတဲ့ အဲ့ဒီကားလမ်းဖောက်တဲ့နေရာက အဲ့ဒီမဂါးယန် စစ်ရှောင်ပြည်သူလူထုရှိတဲ့ နေရာ ဘက်မှာ ဖြစ်ပါတယ်။ အဆိုတော့ အဲ့ဒီကားလမ်းဖောက်တဲ့အချိန်မှာ သူတို့က လက်နက်ကြီးပစ်လို့ အဲ့ဒီဘက်ကို ကျသွားတာ ဖြစ်ပါတယ်။ အခုတော့ ကားလမ်းဖောက်တာလည်း ပြီးသွားပြီ။ လက်နက်ကြီး ပစ်တာလည်း မရှိ တော့ဘူး။

မေး – ဒီရက်ပိုင်း လိုင်ဇာနားတဝိုက်ရော ဒီမဂါးယန်ဘက်ကိုရော စစ်ကောင်စီက တိုက်ပွဲတွေမဖြစ်ပဲ လက်နက် ကြီးတွေနဲ့ ပစ်နေတဲ့အပေါ် ဘာများ ပြောချင်လဲ။

ဖြေ – ကျနော်ဘာမှ ထူးထူးထွေထွေမပြောချင်ဘူး။ ဘာပဲပြောပြောသူတို့က တိုက်မယ်ဆိုရင်တော့ တိုက်တာပဲ။ ဒါက ဒီတစ်ခါမှ တိုက်တာမဟုတ်ဘူး။ ဒီတစ်ခါမှ လက်နက်ကြီးပစ်တာ မဟုတ်ပါဘူး။ ဒါက နှစ်နဲ့ချီပြီးမှ ဖြစ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဘာပြောလဲ ထူးခြားမှာ မဟုတ်ပါဘူး။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here