ကရင်နီ ၊ ချင်းနှင့် တိုက်ပွဲဖြစ်ရာဒေသများအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့လာနိုင်ဟုဆို

0
145

၂၅ မတ်လ ၂၀၂၂

ကရင်နီ (ကယား) ၊ ချင်းနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် စားနပ်ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့လာနိုင်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် တာဝန်ရှိသူများက ဆိုပါသည်။

အာဏာသိမ်းစစ်ကောင်စိတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲနေသည့် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်ကိုင်နိုင်ကြတော့ဘဲ ပြည်သူလူထုအတွက် စားနပ်ရိက္ခာပြင်ဆင်ထားမှုအခြေအနေလည်း မလုံလောက်ဘဲ ဖြစ်နေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက ပြောသည်။

“ကျနော်တို့ ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေရော စစ်ဘေးရှောင်ကို လက်ခံထားတဲ့ ရွာကိုရော ကျနော်တို့ အရင်နှစ်ပတ်အထိ နယ်အလိုက်၊ ဒေသအလိုက်၊ မြို့နယ်အလိုက် ကွင်းဆင်းပြီးမှ လူထုနဲ့ စကားပြောတာရှိတယ်၊ IDP ကော်မတီနဲ့ စကားပြောတာရှိတယ်၊ အဲ‌တော့ ကျနော်တို့က သုံးသပ်ချက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်‌တော့ တချို့ရွာမှာကတော့ စားနပ်ရိက္ခာကို‌‌‌တော့ ၃ လပြင်ခိုင်းထားတယ်ပေါ့နော်၊ တချို့က ၃ လပြည့်မီနိုင်အောင် သူတို့ ကြိုးစားနိုင်တယ်၊ တချို့ရွာနဲ့ တချို့ IDP စခန်းအတွက်က တစ်လစာလောက်ပဲ သူတို့ တောင်းခံနိုင်တယ်ဆိုတဲ့ စာရင်းထွက်လာတာပေါ့နော်၊ ကျ‌နော်တို့က ဒီဘယ်လိုလုပ်လဲဆိုတော့ အရင်နှစ် ၂၀၂၁ ရိတ်သိမ်းရာသီမှာ စပါးဘယ်လောက်ရှိလဲ၊ ဘယ်လောက်သုံးသွားပြီးလဲ၊ ဘယ်လောက်ကျန်တယ်ဆိုတဲ့ စာရင်း ကျနော်တို့ ကောက်တယ်ပေါ့နော်၊ စာရင်းကောက်ပြီးတော့မှ လူဦးရေစာရင်းနဲ့ လူထုရောပေါ့နော်၊ ဒေသခံလူထုနဲ့ IDP စာရင်းနဲ့ မြောက်စားလိုက်တော့ တော်တော်များက တစ်လဆိုရင် ပြတ်တာများတယ်ဆို‌တာ တွေ့ရတယ်” ဟု ကိုဗညားက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကယားပြည်နယ်၏ စပါးစိုက်ပျိုးဧက တစ်သိန်းဝန်းကျင်ရှိတဲ့အနက် ၆၀ ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးခဲ့သည့် ဒေသများမှာလည်း လိုအပ်သည့် ပြုစုပျိုးထောင်မှု၊ ဓါတ်မြေဩဇာ မပေးနိုင်မှု စသည့် အခြေအနေများကြောင့် အထွက်နှုန်း ကျသွားကြောင်း ကိုဗညားက ပြောသည်။
အလားတူ တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းပြည်နယ်မှာ အငတ်ဘေးများ ဆိုက်ရောက်နိုင်ခြင်းကြောင့် ကျေးရွာများတွင် တောင်ယာများ ပြန်စိုက်ကြရန် ပြင်ဆင်နေကြောင်း ချင်းပြည်နယ် ပူးတွဲ ကာကွယ်ရေးကော်မတီ (CJDC) မှ ဘဏ္ဍရေးအတွင်းရေးမှူး ဂျွန်က ပြောသည်။

“ကျနော်တို့ ချင်းတောင်ပေါ်ကတော့ များသောအားဖြင့် တောင်ယာခုတ်၊ ပြီးတော့ ကိုယ့်ရဲ့ လယ်ယာထွက် ဆန်တွေပဲ စားရတာပေါ့လေ၊ ဒီမြို့ပြတွေ အားလုံးဆိုရင်တော့ အောက်ပြည်က ဆန်တွေပဲ ယူရတာပေါ့၊ ဆိုတော့ သူတို့ ဒီအာဏာသိမ်းလိုက်တာနဲ့ ကျနော်တို့ နယ်ဖက်အားလုံး တောင်ယာတွေ ပြန်စိုက်ဖို့ ကိုယ့်ရဲ့ ခြံထွက်၊ ကိုယ့်ရဲ့ တောင်ယာထွက်၊ ကိုယ့်ရဲ့ လယ်ယာထွက် စားသုံးဖို့ဆိုပြီးတော့ အခု ရွာတိုင်းမှာဆိုရင်တော့ တောင်ယာကိုပဲ ပြန်တည်ဆောက်ပြီးတော့ အဲဒါနဲ့ပဲ ကျနော်တို့ ဖြတ်လေးဖြတ်ပဲလာလာ၊ အဲလိုမျိုးပေါ့၊ ပြင်ဆင်မှုတော့ လုပ်ထားတယ်” ဟု ဂျွန်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ကတည်းက ကမ္ဘာ့ကပ်ရောဂါနှင့် ကြုံတွေ့ခဲ့ရပြီး အားလုံးဒုက္ခရောက်ခဲ့ရကြောင်း၊ ယင်းနောက် အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် လက်နက်ကိုင် တိုက်ပွဲကြောင့် သေကြေပျက်စီးနေရကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အငတ်ဘေးကြီး ဆိုက်ရောက်နိုင်တာကို ကယ်မဲ့လူလည်း အခုထက်ထိ လောက်လောက်လားလား မတွေ့သေးဘူးဗျ၊ ကုလသမ္မဂလည်း ဝင်ကယ်ဖို့ လမ်းကြောင်းကို မရှိသေးဘူး၊ အာဆီယံကလည်း ဝင်ကယ်ချင်တယ် လမ်းကြောင်းကို မရှိသေးဘူး၊ အချင်းချင်း တနိုင်တပိုင် ကူတာပဲ ရှိတယ်၊ အဲဒါလည်းပဲ တစ်လ၊ နှစ်လပဲ ခံမယ်၊ ခြောက်လ၊ တစ်နှစ်ဆို မကျွေးနိုင်တော့ဘူး။ အားလုံးဟာစုပြီး‌တော့ အခက်အခဲဖြစ်နေတယ်၊ ကုလသမ္မဂတောင်မှ ဗမာပြည်မှာ လူဦးရေ ၈ သိန်းတောင်မှ စားနပ်ရိက္ခာပြတ်နိုင်တယ်၊ လောလောဆယ်ပေါ့လေ၊ ဒုက္ခသည်တွေပေါ့၊ အဲဒီနောက်ပိုင်းမှာတော့ ၄၊ ၅ သန်းလောက်ကိုပဲ သူတို့ ဒုက္ခရောက်နိုင်တယ်လို့ သူမှန်းထားတာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားသည် နိုင်ငံ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးစနစ်များ ယိုယွင်းယိုင်နဲ့ ပြိုလဲကျသွားနိုင်သည့်အနေအထားတွင် ရှိနေကြောင်း မတ်လ ၂၁ ရက်နေ့က ၄၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံ၌ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet သတိပေးပြောဆိုခဲ့သည်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here