ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင်မှာ အသတ်ခံရတဲ့ ပြည်သူ ရုပ်အလောင်း (၃) ခု တွေ့ ရှိခဲ့

0
172

၂၅ မတ် ၂၀၂၂

ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင် ကယောပိုင်းဖက်မှာ အသတ်ခံရတဲ့ ပြည်သူ (၃) ဦးရဲ့ ရုပ်အလောင်းကို မတ်လ ၂၃ ရက်က တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ ပြန်လည် သဂြိုလ်ပေးခဲ့တယ်လို့ KNDF B-09 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသတ်ခံရတဲ့သူတွေကတော့ စံပြခြောက်မိုင် ကယောပိုင်းက ပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အသတ်ခံရတဲ့ ပြည်သူတွေကတော့ လွန်ခဲ့တဲ့ နှစ်လလောက်က စစ်ရှောင်ရာကနေ ရိက္ခာပြန်လာယူရင်း ပျောက်ဆုံးနေတဲ့ ပြည်သူ ၅ ဦးထဲက သုံးဦးဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒီပျောက်နေတဲ့ လူ ငါးယောက်က ကြာတော့ကြာပြီပေါ့နော။ ဒါပေမယ့် ဘယ်နားမှာပြန်တွေ့လဲဆိုရင် ဒီခြောက်မိုင် တစ်ဝိုက်မှာပဲ ပြန်တွေ့တယ်။ ဒါပေမယ့် အရိုးပြန်တွေ့တဲ့ဟာကတော့ ဘယ်သူဘယ်ဝါမှန်းလဲတော့ အကုန်လုံး ခွဲလို့မရသေးဘူးပေါ့နော။ အဲ့လိုတော့ရှိတယ်“ KNDF B-09 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျန်ရှိတဲ့ ၂ ဦးရဲ့ ရုပ်အလောင်းကိုတော့ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

သူတို့ ၅ ဦးကတော့ အသက် (၃၀) အောက် လူလတ်ပိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၂၃၅ ဦးရှိနေပြီဖြစ်တယ်လို့ ကရင်နီ လူမှုအသင်းဖွဲ့များကွန်ယက် (KCSN) က မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here