မြဝတီခရိုင် ဝေါလေမြို့နယ်ခွဲ မော်ခီးအခြေစိုက် စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ် ဝင်ရောက်သိမ်းပိုက်

0
97

မတ်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်

မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊မောခီးကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၃၂) စခန်းကို ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၂၀၁ တပ်ရင်းနှင့်ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက် သိမ်းပိုက် လိုက်ကြောင်း KNLA ဘက်က အတည်ပြု ပြောဆိုသည်။

မောခီးအခြေစိုက် ခလရ-၃၂ တပ်ရင်းစခန်းနှင့် ၎င်းတပ်ရင်းကို လာရောက် လုံခြုံရေပေးနေသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၅၅၅) စစ်ကြောင်း (၂) တပ်ဖွဲ့ကို ယနေ့ နံနက်ပိုင်းအချိန်ကစ၍ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ရာ မတ် ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA အရာရှိတစ်ဦးက ယခုလိုပြောသည်။

“မောခီးစခန်းကို ကျနော်တို့ လူတွေ မနက်ကတည်းက သွားပစ်တာ ၅ နာရီလောက်ကြတော့ အဲ့စခန်းကျသွားတာပဲ။ အခုတော့ စခန်းကို ရှင်းလင်းနေတုန်းပဲ။ ဒါပေမဲ့ ကနယ်လေးဘက်ကတော့ ၁၂၀ နဲ့ လှမ်းလှမ်းပစ်နေတုန်းပဲ။ အချက်ပေါင်း တစ်ဆယ် နှစ်ဆယ်လောက်ရှိပြီး။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ မောခီးစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးခန့်ရှိနေပြီး လတ်တလောအချိန်ထိ လက်နက်ခဲယမ်း သိမ်းဆည်းရမိမှု အခြေအနေနှင့် ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ်မသိရှိရသေးသော်လည်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မူ ထိခိုင်သေဆုံးမှု မရှိကြောင်းလည်း အဆိုပါ အရာရှိက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က အဆိုပါ ခြေမြန်တပ်ရင်း (ခမရ-၅၅၅) နှင့် ခြေလျင်တပ်ရင်း (ခလရ-၃၂) မှစခန်းမှူး ၊ ဒု-စစ်ကြောင်းမှူး နှစ်ဦးအပါအဝင် ၎င်းတို့ကို လုံခြုံရေးလိုက်ပါရယူပေးသည့် တပ်သားနှစ်ဦးကိုလည်း KNLA တပ်ရင်း ၂၀၁ နှင့် ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သေးသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here