အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီ (ကယား) ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းနီးပါးအထိ ရှိလာ

0
291

၂၃ မတ် ၂၀၂၂

ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းနီးပါးရှိသွားပြီဟု ကရင်နီလူမှုအသင်း အဖွဲ့ကွန်ယက် (KCSN) က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်ထဲတွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုများအပြင် မြေပြင်ထိုးစစ်ဆင်မှုများကြောင့် မတ်လ ဒုတိယအပတ်အထိ စစ်ရှောင်ပြည်သူ နှစ်သိန်းနီးပါး ရှိသွားပြီဟု ကရင်နီလူမှုအသင်းအဖွဲ့ ကွန်ယက် (KCSN) က ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

ကရင်နီပြည်နယ်ထဲက လက်ရှိစစ်ရှောင်များ၏ အခြေအနေကို KCSN ပြောရေးဆိုခွင့်ရှိသူ ခူရူဘီက “IDPs ရွှေ့ ရတယ်၊ တိုးတယ်ဆိုတာက ခပ်များများတော့ ဒီစစ်ကောင်စီရဲ့ သူတို့ ထွက်ပြေးပုန်းရှောင်နေရတာ ဖြစ်တယ်။ ဒီ နှစ်သောင်းဆိုတာကတော့ ကျနော်တို့ တခြားစခန်းကို သွားရွှေ့ပြောင်းတာပေါ့။ လေယာဉ်ထပ် ဗုံးကြဲတဲ့ အတွက် ခပ်များများသည် ဒီးမော့ဆိုမြို့နယ် နောက်ပြီးတော့ အခု တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖယ်ခုံမြို့နယ်ထဲ ကပေါ့ ဆိုတော့ ကျနော်တို့ပျမ်းမျှကတော့ တစ်သောင်း တစ်သောင်းစီလို့ ပြောတယ်” ဟု ပြောသည်။

ယခုထပ်တိုးလာသည့် စစ်ရှောင်ဦးရေ နှစ်သောင်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၁၃ ရက် နေ့အထိ နှစ်ပတ်အတောအတွင်း တိုးလာသည့် စစ်ရှာင်များဖြစ်သည်။ ဖယ်ခုံမြို့နယ်ထဲတွင် စစ်ရှောင် တစ် သောင်းနှင့် ဒီးမော့ဆိုမြို့နယ်ထဲတွင် စစ်ရှောင်တစ်သောင်းထပ်တိုးလာသည့်အတွက် လက်ရှိ ကရင်နီပြည်နယ် တစ်ပြည်နယ်လုံး KCSN ၏ စာရင်းအရ ၁၉၇၁၁၅ ဦး ရှိသွားပြီဟု သိရသည်။

ထိုနှစ်ပတ်တာအတွင်း အရပ်သား သေဆုံးမှု ၁၂ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးလည်း ရှိသည်ဟု KCSN က ခူရူဘီက ဆက်ပြောသည်။

“ထိခိုက်ဒဏ်ရာ ရတာတော့ ရှိတယ်။ ဒီလက်နက်ကြီးတွေကြောင့် ဒီဒေသခံတွေ နှစ်ဦးသုံးဦးလောက် ဒဏ်ရာရ တာရှိတယ်။ ဒီထုတ်ပြန်ပြီးတဲ့နောက်ပိုင်း တစ်ရက်နှစ်ရက်အတွင်းမှာ။ ထုတ်ပြန်ချက်အရတော့ သတ်ဖြတ်ခံရ တဲ့လူ အယောက် ၂၃၀ ကျော်ပြီပေါ့ သတ်ဖြတ်ခံရတဲ့သူ။ ဒါကတော့ ဟိုးအာဏာသိမ်းတဲ့နေ့ကနေ ဒီနေ့အချိန်ထိ ပေါ့။ ဒီထက်တော့ မနည်းနိုင်ဘူးပေါ့။ ထိခိုက်ဒဏ်ရရတာလည်း ၁၇၀ ကျော်ပေါ့။”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေစ၍ ယနေ့အချိန်ထိ မိုးဗြဲမြို့၊ နန်းဖယ်ခုံ၊ ဒီးမော့ဆိုမြို့အတွင်း စစ်ကောင်စီ၏ မြေပြင်တိုက်ခိုက်မှုအပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများသည် နီးစပ်ရာ နေရာများတွင် ထွက်ပြေးတိန်းရှောင်နေကြရသည်။

အရပ်သားပြည်သူများ ထပ်မံ စစ်ရှောင်နေရသည်နှင့် ပတ်သက်၍ ကရင်အနီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး(၁) ခူဒယ်နီယာ က “လူထုကတော့ တဖြည်းဖြည်းရွှေ့တာ ကြာပါပြီ။ ပထမတရောင်း၊ ဒုတိယတရောင်းကတည်းက သူတို့ ရွှေ့တယ် ပြီးရင် ပြန်လာတယ်။ အခုကလည်း ထပ်ရွှေ့တယ်ပေါ့နော်။ ဒီ လက်နက်ကြီးရောက်တဲ့နေရာတိုင်းက လူထုတွေရွှေ့ကုန်ပါပြီ။ မိုးဗြဲ၊ တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် သူတို့ကတော့ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုတယ် ရွာတွေကိုလေ၊ လေယာဉ်နဲ့လည်း ကြဲတယ်ဆိုတော့။ သူတို့က စစ် ရှောင်တွေကို မရှိစေချင်ဘူး။ နောက်ပြီး လက်နက်ကိုင်တဲ့လူတွေက ဒီလူထုတွေပဲ သူအဲလိုမျိုးသတ်မှတ်တယ်။ ဥပမာ PDF တွေ၊ KNDF တို့ အဖွဲ့အစည်းတွေက ရွာမှာပဲ ကပ်နေတယ် အဲ့လိုမျိုးသုံးသပ်ချက်နဲ့ သူတို့ကပစ် တယ်။ ဒီလူထုတွေက ရွှေ့ပြောင်းကုန်ပြီဆိုရင် လက်နက်ကိုင်တွေက ဒီနားမှာမနေနိုင်ဘူး။ ဆိုတော့ ဖြတ်လေး ဖြတ်ကျနော်တို့ ပြောနေတာက လူထုနဲ့ လက်နက်ကိုင်ကို ဖြတ်တဲ့သဘောမျိုးဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီက အရပ်သားလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် စစ်ရှောင်ဦးရေ ထပ်တိုးနေပြီး အရပ်သားသေဆုံးမှုများလည်း နေ့စဉ်လိုလိုရှိနေသည်ဟု ခူဒယ်နီယာက ဆက်ပြောသည်။

ကရင်နီပြည်နယ်အတွင်းက စစ်ရှောင်ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် အထောက်အပံ့များရရှိရန်လည်း စစ်ကောင်စီတပ်က စစ်ဆေးမှုများ၊ ကန့်သတ်မှုများ၊ တားမြစ်မှုများကြောင့် ခက်ခဲနေသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ကလည်း နေ့စဉ်လိုလို လက်နက်ကြီးများနှင့် ကျေးရွာများထဲ ပစ်ခတ်နေသည့်အပြင် စစ်ရှောင်စခန်းနေရာများကိုလည်း လေယာဉ်နှင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မည်သည့်နေရာတွင်မှ လုံခြုံမှုမရှိသည့် အနေအထားမျိုးနှင့် ရင်ဆိုင်နေရသည်ဟု စစ်ရှောင်များနှင့် ၎င်းတို့ကို ကူညီပေးသူများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here