ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ ဦးတည်ရာမဲ့ဖြစ်နေဟုဆို

0
120

၁၇ ဇန်နဝါရီ ၂၂

ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုကို ဒီကနေ့ မနက် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ခံရပြီးနောက် စစ်ရှောင်ပြည်သူတွေ ထပ်မံစစ်ရှောင်ဖို့အတွက် ဦးတည်ရာမဲ့ ဖြစ်နေကြရပါတယ်။

“ဘယ်ကိုသွားရမှန်းမသိ ဦးတည်ရာမဲ့ကုန်ပြီ အနီးအနားက စစ်ရှောင်တွေလည်းမနေရဲကြတော့ဘူး။ ဘယ်နေရာမှမလုံခြုံတော့ဘူး ပြေးစရာနေရာလည်းမရှိတော့ဘူး ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။” လို့ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၆ ထောင်ကျော်ရှိပြီး ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ၂၀၀ ကျော် နေထိုင်တာဖြစ်ပြီး လက်ရှိမှာ မနေရဲကြတော့တဲ့အတွက် ထပ်မံရွေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။

“ကြောက်လန့်စိတ်နဲ့ဦးတည်ရာမဲ့တွေဖြစ်ကုန်ပြီ လေယာဉ်နဲ့ထပ်ကြဲမယ်ဆိုရင်တော့ မတွေးဝံ့စရာပဲ။ လေယာဉ်နဲ့ ဗုံးထပ်မကြဲတော့ဖို့ တောင်းဆိုပေးကြပါ။” လို့ သူက ဆက်ပြောပါတယ်။

ဒီမနက်အစောပိုင်း မနက် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဗုံကျဲတိုက်ခိုက်ခဲ့စဉ် အမျိုးသမီးငယ်နှစ်ဦးဖြစ်ကြတဲ့ အသက် ၁၂ နှစ်အရွယ်တစ်ဦး၊ ၁၅ နှစ်အရွယ်တစ်ဦးနဲ့ ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့အားလုံးက မိုဆိုကျေးရွာကနေ စစ်ဘေးရှောင်ကြသူတွေဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရှောင်စခန်းရှိရာနေရာကို လေကြောင်းသုံးတိုက်ခိုက်တာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယမန်နေ့ ညနေပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဖက် စစ်ရှောင်အများစုရှိတဲ့ နန်းမယ်ခုံမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပရဟိတလူငယ် ၃ ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကစပြီး ဒီးမော့ဆို၊ လွိုင်ကော် တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်က မြေပြင်တိုက်ခိုက်မှုအပြင် လေကြောင်းသုံးပြီး တိုက်ခိုက်တဲ့အတွက် လွိုင်ကော်မြို့အပါအဝင် မြို့နယ်အသီးသီးက စစ်ဘေးရှောင်ဦးရေ တစ်သိန်းခုနှစ်သောင်းထိရှိနေပြီလို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ပြောဆိုထားပါတယ်။

ဇန်နဝါနဝါရီလ ပထမပတ်ကနေစပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ လက်နက်ကြီးတွေ အလုံးအရင်း ပစ်ခတ်နေမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှု ၁၅ ယောက်အထိ ရှိနေပြီဖြစ်ပါတယ်။

“၎င်းလုပ်ရပ်သည် လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်သည်သာမက သက်ရှိကမ္ဘာ့လူသားမျိုးနွယ်များကို မထီမဲ့ပြင်ပြုလုပ်ရာရောက်ပေသည်။ ဤလုပ်ရပ်သည် လူသားမျိုးနွယ်အတွက် ပြန်ပေးဆပ်ရပါလိမ့်မည်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-04) က ထုတ်ပြန်ထားပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here