ဖာပွန်မြို့နယ် မဲပလိရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းအား KNU တပ်မဟာ (၅) ရှင်းလင်း

0
122

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမပြုရန် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များကို သတိပေးစာထုတ်ပြန်ပြီးနောက် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖာပွန်မြို့နယ်အတွင်းရှိ BGF တပ်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ကြောင်း KNU ဘက်က အတည်ပြုပြောဆိုသည်။

အဆိုပါတပ်စခန်းသည် BGFမှ ဗိုလ်မောင်ချစ် ဦးစီးသော ဖာပွန်မြို့နယ်၊ မဲပလိကျေးရွာရှိ တပ်ရင်းအမှတ် (၁၀၁၄) တပ်ရင်းစခန်းဖြစ်ပြီး ဒေသခံ ကျေးရွာသားများအပေါ် ခြိမ်းခြောက်ပြောဆိုမှုများနှင့် သေနတ် ယမ်းသန်းပစ်ခတ်မှုများရှိသည့်အပေါ် ယခုလို တက်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ယခုလိုပြောသည်။

“သူတို့က ရွာသားတွေကိုလည်း ခြိမ်းခြောက်ပြောတာတွေ လုပ်တယ်။ ပြီးတော့ သေနတ်နဲ့ ယမ်းသန်းပစ်တာတွေ မိုင်းထောင်တာတွေ လုပ်တယ်။ ကျနော်တို့ ပြောခဲ့သလိုပဲ အချင်းချင်း ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်ဖို့ ကရင်အလုပ် ကရင်လုပ်ဖို့ ပြောခဲ့ပေမဲ့ ကျနော်တို့ မျှော်လင့်သလို မဖြစ်လာတော့ မနေ့က ကျနော်တို့ရဲ့ တပ်ရင်း ၁၀၂ တပ်ခွဲ ၄ က သွားတက်ရှင်းလိုက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

BGF တပ်ဖွဲ့ဝင်များအနေဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် လက်ဆက်ပူးပေါင်းခြင်း မပြုလုပ်ရန် (KNU) တပ်မဟာ (၅) ဘက်မှ နောက်ဆုံးသတိပေးထားသည့်ဟာကို ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ မယ်ပလိ စခန်းသိမ်းရှင်းလင်းမှုတွင် BGF တပ်သားတစ်ဦးကို အရှင်ဖမ်းဆီးရမိသော်လည်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်းမရှိဘဲ ကျန် BGF တပ်ဖွဲ့ဝင်များမှာ ဆုတ်ပြေးသွားကြောင်းနှင့် စခန်းဝင်ရောက်ရှင်းလင်းရာတွင်လည်း KNLA ဘက်မှ နှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း စောထူးကရှောက ဆက်ပြောသည်။

အာဏာသိမ်းပြီးနောက် KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ် စခန်းကြီးအချို့နှင့် စခန်းငယ်အချို့တို့ကို KNU တပ်မဟာ (၅) လက်အောက်ခံ KNLA တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရှင်းလင်းခဲ့သလို တပ်စခန်းအချို့မှာလည်း ပြန်လည်ဆုတ်ခွာ ပူးပေါင်းမှုများရှိကြောင်း KNU ဘက်က ဆိုသည်။

အလားတူ BGF တပ်စခန်းငယ်တချို့ကိုလည်း ယခင်က ရှင်းလင်းတိုက်ခိုက်မှုများ၊ ဖိအားပေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ယခု စခန်းသိမ်း ရှင်းလင်းမှုသည် KNU ဘက်မှ သတိပေးစာထုတ်ပြန်ပြီးနောက် ပထမဦးဆုံးအကြိမ် သိမ်းယူရှင်းလင်းမှုဖြစ်ကြောင်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here