KNPP ထိန်းချုပ်နယ်မြေအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံပေး

0
156

ကရင်နီ- ထိုင်းနယ်စပ်ဒေသမှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေအတွင်း (၁၈) နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ၈ ထောင်ရှိတဲ့အနက် လူဦးရေ ၂၅၀ ကို တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ စတင်ထိုးနှံပေးနေပြီလို့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ်က ပြောပါတယ်။

“ကျောင်းဆရာ ဆရာမတွေ စခန်းကော်မတီတွေ ဆေးဝန်ထမ်းတွေပေါ့နော။ ပြီးတော့ အရောင်းအဝယ်လုပ်တဲ့ အသွားအလာများတဲ့သူကို ကျနော်တို့ ထိုးပေးမယ် အသက်ကတော့ ၁၈နှစ်အထက်ပေါ့။ ကျနော်တို့ အားလုံးတော့ ထိုးပေးဖို့အစီအစဉ်တော့ဆွဲထားပြီးဖြစ်တယ်။ ပြင်လည်းပြင်ဆင်နေပြီဖြစ်တယ်။ ဆေးကို ဖြည်းဖြည်းချင်းပဲ ကျနော်တို့ဝယ်ရမှာဖြစ်တဲ့အတွက်ကြောင့် ဖြည်းဖြည်းချင်း အားလုံးကိုတော့လုပ်ပေးမယ်။ ဒါပေမယ့် ဦးစားပေးအနေနဲ့ ၂၅၀ ကို အရင်ဆုံးစထိုးတာဖြစ်တယ်။” လို့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ်က ပြောပါတယ်။

ဆိုင်နိုဖန်း (Sinopharm) အမည်ရ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးတာဖြစ်ပြီး ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ စစ်ရှောင်စခန်းကော်မတီမှ အုပ်ချုပ်သူတွေ၊ ခရီးသွားလာရသူတွေကို ကနဦး စတင်ထိုးနှံပေးနေတာဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့မှာ လူဦးရေ ၁၃၀ ကို ထိုးနှံပြီးဖြစ်ကြောင်းနဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ လူဦးရေ ၁၂၀ ကို ထပ်မံထိုးနှံပေးသွားမယ်လို့ သူက ပြောပါတယ်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ကရင်နီကျန်းမာရေးဌာနမှ ဦးဆောင်ပြီး တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ Covid-19 Task Force (CTF) နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ရရှိတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကနဦးအနေနဲ့ ဦးစားပေးအဆင့်ရှိသူတွေကို စတင်ထိုးနှံပေးခဲ့တာဖြစ်ပြီး KNPP ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ (၁၈) နှစ်အထက် လူဦးရေ ၈ ထောင်ကို ထပ်မံထိုးနှံပေးသွားမှာဖြစ်သလို ကာကွယ်ဆေးရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ခွန်းဖိလစ်က ပြောပါတယ်။

“ဆေးရရှိတဲ့အပေါ်မူတည်ပြီး အသုတ်လိုက် ကျနော်တို့ခွဲပြီးတော့ အားလုံးကိုတတ်နိုင်အောင် ကိုဗစ်ကာကွယ်ဆေးရအောင် ဆက်ပြီးကြိုးစားနေမယ်။ အခုလက်ရှိက ရှိတဲ့ဆေးပေါ် မူတည်ပြီးတော့ ဦးစားပေးတွေကို ခွဲပြီးတော့ ကျနော်တို့ထိုးပေးနေတယ်။ ဒါပေမယ့် ကရင်နီလူထုအားလုံးကိုလည်း ဒီဆေးအားလုံး ရရှိအောင် ဆက်ပြီးတော့ အလှူရှင်နဲ့ကော နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ကော ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ CTF အဖွဲ့အစည်းနဲ့ကော ကျနော်တို့ပူးပေါင်းပြီး ဆက်လက်ကြိုးစားဆောင်ရွက်သွားမယ်လို့ လူထုကိုတော့ အသိပေးချင်ပါတယ်။” လို့ ခွန်းဖိလစ်က ပြောပါတယ်။

ယခု ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးသူများမှာ ၄ ပတ်ကြာလျှင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမှာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ရရှိပေါ်မူတည်ပြီး ဆက်လက်ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here