အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် PPST ကြိုးပမ်းနေဟုဆို

0
98

PPST အစည်းအဝေးမှတ်တမ်းပုံ

၇ စက်တင်ဘာ ၂၀၂၁

အပစ်ရပ် (၁၀)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် မကြာမီ ပြည်တွင်းသို့ လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ဒါတိုအီရာဝန် ယူစွဖ်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ စက်တင်ဘာ ၇ ရက် ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန်းခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

ဗအိုဝ့်အမျိုးသားအဖွဲ့ချုပ်(PNLO) မှ ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ ဟုတ်ပါတယ်။ တွေ့ဖို့ဆိုတာ လူချင်းမ‌တွေ့ရင်တောင် ZOOM မှာ ညှိဖို့ ဒါပေမယ့် ဒါရိုက်မဟုတ်ရင်တော့ မရသေးပါဘူး။ သွယ်ဝိုက်တဲ့ နည်းနဲ့ ညှိနေတာတော့ ရှိပါတယ်” ဟု ပြောသည်။

လူသားချင်းစာနာထောက်ထား အာဆီယံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး လက်ရှိတိုင်းပြည်တွင် နိုင်ငံရေးအကျပ်အတည်‌ကြောင့် အတိဒုက္ခရောက်နေသော ပြည်သူလူထုများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ရန် (၄) တာ အပစ်ရပ်ပေးရေး တောင်းဆိုခဲ့သော်လည်း လက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံရေးအရ သဘောတူညီချက် တစုံတရာ ရယူပြီး ကြေညာသည့် အပစ်အခတ်ရပ်စဲရေးအဆင့်မျိုး မဟုတ်ကြောင်း အီရာဝန် ယူစွဖ်က ကျိုဒို သတင်းဌာနကို ပြောဆိုခဲ့သည်။

“နိုင်ငံရေးဆိုင်ရာ အပစ်အခတ်မှုရပ်စဲရေး မဟုတ်ပါဘူး။ လူမှုကယ်ဆယ်ရေး သမားတွေ၊ အကူအညီပေးရေး အဖွဲ့တွေရဲ့ လုံခြုံရေးကို အာမခံစေလိုတဲ့ သဘောဖြစ်ပါတယ်။ သူတို့ ဘေးကင်းရန်ကင်း အလုပ်တွေ လုပ်နိုင်အောင်ပါ”ဟု ၄င်းက ဆိုသည်။

သို့ရာတွင် PPST အနေဖြင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှ NCA စာချုပ်၏ အနှစ်သာရကို အခြေခံပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်သသည့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အတိအလင်း ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် လက်ရှိ ဖြစ်ပေါ်နေသည့် ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် ကိုဗစ်ထိန်းချုပ်ရေးကော်မတီ ( CSMC) ကို ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် သင့်တော်သလို တွေ့ဆုံခဲ့သည်ဟု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ ယနေ့အဖွင့်မိန်းခွန်းတွင် ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုများ၏ ထိန်းချုပ်နယ်မြေအတွင်း ‌ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဝန်ထမ်းများ အရည်အသွေးမြင့်တင်နိုင်ရေးကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ကြိုးပမ်းဆောင်ရွက်နေသည်ဟု ၄င်းက ဆိုသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် PPST ကို ဖွဲ့စည်းထားသည်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here