ဗိုလ်မှူးကြီး စောချစ်သူ ကိုဗစ် ကူးစက်ခံရမှု အပေါ် BGF ဘက်က ငြင်းဆို

0
221

စက်တင်ဘာ ၇ ရက်၊ ၂၀၂၁ခုနှစ်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ကိုဗစ် ကူးစက်ခံနေ ရပြီး ဆေးကုသမှု ခံနေရသည်ဟု သတင်းများထွက်ပေါ်လာသည့်အပေါ် BGF ဘက်မှ ၎င်းသတင်းမှာ မဟုတ်မှန် ကြောင်း ကေအိုင်စီသို့ပြောသည်။

ဗိုလ်မှူးကြီး စောချစ်သူသည် ကိုဗစ်ကာကွယ်ဆေး ထိုနှံထားသော်လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရ၍ ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသမှုခံနေရကြောင်း သတင်းများထွက်ပေးနေသလို ၎င်းနေအိမ် ရှိရာ ရွှေကုက္ကိုလ်မြို့တွင် ဆေးကုသမှုခံယူနေရကြောင်းလည်း သတင်းများထွက်ပေါ်လာခြင်းအပေါ် မဟုတ်မှန် ကြောင်း BGF အမှတ်(၂) တပ်နယ် ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းက ယခုလို ပြန်လည် ငြင်းဆိုသည်။

၎င်းက “အဲ့ဒီကိစ္စက မဟုတ်ဘူးနော်။ ဗိုလ်ချစ်သူက မနေ့ တနေ့က သူ ရိုးရိုးကိုယ်အပူချိန်တက် ဖျားနာတာပဲ။ သူများတွေ သတင်းတင်သလို ရန်ကုန်က မင်္ဂလာဒုံ စစ်ဆေးရုံးတို့ ဘာတို့က မဟုတ်ပါဘူး ရွှေကုက္ကိုလ်မှာပဲ။ ကြားတာကတော့ အခု သက်သာနေပြီး။” ဟု ကေအိုင်စီသို့ပြောသည်။

ဗိုလ်မှူးကြီး စောချစ်သူအနေဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်သော်လည်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် အမေရိကန်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံရန် ထပ်မံ မှာယူမှု မျိုး ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ကေအိုင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိ သေးပေ။

၎င်း BGF အုပ်ချုပ်ရာ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့တွင် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း ပြုလုပ်နေပြီး တရုတ်လူမျိုးများ တရားမဝင် ဝင်ရောက်နေထိုင်နေကြပြီး ထောင်နှင့်ချီ၍လည်း ကိုဗစ် ကူးစက်ခံနေရကြောင်း နှင့် သေဆုံးသူများလည်း ရှိနေကြောင်း BGF နှင့် နီးစပ်သူတစ်ဦး၏ ပြောစကားအပေါ် အခြေခံပြီး သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် လအတွင်း အခြားသော BGF ခေါင်းဆောင်တပ်မှူးများဖြစ်သည့် ဒုဗိုလ်မှူးကြီး စောဒေါဒေါ နှင့် တပ်နယ် ၃ တပ်မှူး ဒုဗိုလ်မှူးကြီးဂတုံးအပြင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး၊ KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြ အပြင် စသည့် ကရင်လက်နက် ကိုင် ခေါင်းဆောင်များလည်း ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here