ကရင်နီပြည်နယ်အတွက် ကိုဗစ်ကာကွယ်ဆေး ၈ သောင်းနီးပါး ထိုးနိုင်ရန်လျာထား

0
218

၂၉ ဇူလိုင် ၂၀၂၁

ကရင်နီပြည်နယ်အတွင်းနဲ့ နယ်စပ်ဒေသတွေမှာ ကိုဗစ်ကာကွယ်ဆေးလူဦးရေ ၈သောင်းနီးပါး ထိုးနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပြီး စာရင်းကောက်ယူထားတယ်လို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်း ချုပ်၊ ကုသရေးအဖွဲ့ (CTF) အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကရင်နီကျန်းမာရေးဌာန (ညွှန်ကြားရေးမှူး) ၊ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက် CHDN ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

“တကယ်တမ်း ကာကွယ်ဆေးမှာလည်း ၁၈နှစ်အထက်ပဲ ဆိုလို့ရှိရင်တော့ ကျတော်တို့ စာရင်းလုပ်ထား တာရှိပါတယ်။ ၇သောင်း၊ ၈သောင်းလောက်ပဲရှိမယ်။ ၁၈နှစ် အထက်ပေါ့ နော။ ကာကွယ်ဆေးထိုးနိုင်တာ အဲ့လောက်ပဲရှိမယ်။ တစ်သိန်း၆သောင်းလောက် ပြောပေမယ့် အဲ့ထဲက တစ်ဝက်နီးပါးလောက်ပဲ ကာကွယ်ဆေးကို ထိုးနိုင်မှာပဲ ဖြစ်တယ်။ ကျန်တဲ့ဟာက ဆေးရဲ့ ကန့်သတ်ချက်အရက အားလုံးထိုးလို့မဖြစ်ဘူး အဲဒီစာရင်းတွေကလည်း ကျတော်တို့ဆီမှာ ရှိပြီးသားပါ။ ကျတော်တို့ စာရင်းတွေကောက်ယူပြီးသား စုဆောင်းမှုတွေလုပ်နေတယ်။ အဲဒါတွေအတွက်ပေါ့။”လို့ ခွန်းဖိလစ်က ပြောပါတယ်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့ ကောက်ယူထားတဲ့စာရင်းအရ မြို့ဧရိယာမပါဘဲ အစိုးရဌာနဆိုင်ရာ လက်လှမ်းမမှီတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ထိန်းချုပ်နယ်မြေဒေသဖြစ်တဲ့ ကရင်နီပြည်တွင်းအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့၊ ကရင်ပြည်နယ်သံတောင်ကြီး၊ သံလွင်မြစ်နယ်စပ်ဒေသတွေမှာ ၂၀၂၀ခုနှစ်က ကောက်ယူထားတဲ့စာရင်းအရ ၁သိန်း ၆သောင်းရှိနေပြီး ၁၈နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ခွင့်ရှိသူ ၈ သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။

“ကျတော်တို့ ပြည်နယ်မှာတော့ လက်ရှိပေါ့။ ဘယ်သူတွေက ကိုဗစ်ကာကွယ်ဆေးကို ထိုးနိုင်မလဲဆိုတာ ပြည်တွင်းပြည်ပပေါ့။ နယ်စပ်အပါအဝင် CDM ,IDPs တွေအကုန်ပေါ့။ အဲ့ဒါတွေအတွက် စာရင်းဇယားတွေပြုစုနေတာရှိပြီပေါ့နော။’’ လို့ Karenni Covid-19 Pandemic Prevention Committee (KnCPPC) ရဲ့ Management Team Leader တစ်ဦးဖြစ်သူ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) နဲ့ ပူးပေါင်းဆောင်ရွက်ညှိနှိုင်းပြီး ကိုဗစ်ကာကွယ်ဆေး၊ လိုအပ်တဲ့ အထောက်အပံ့၊ ဆေးဝါး၊ နည်းပညာရရှိဖို့အတွက် CHDN အနေနဲ့သော်လည်းကောင်း၊ ကရင်နီကျန်းမာရေးဌာနသော်လည်းကောင်း ဆောင်ရွက်သွားမယ်လို့ ခွန်းဖိလစ်က ဆိုပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးမှုလုပ်ငန်းစဉ်တွေကို ပြည်သူလူထု အန္တာရယ်ကင်းရှင်းစွာ ရရှိစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ( NUG) အနေနဲ့ အစဉ်တစိုက် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပြီး အချိန်နဲ့တစ်ပြေးညီ အသိပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ရာခိုင်းနှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့အတွက် စတင်ဆောင်ရွက်နေ ပြီး ရရှိလာမယ့် ကိုဗစ်ကာကွယ်ဆေးတွေကို တိုင်းရင်းသားဒေသတွေမှာ အဓိက ထိုးနှံပေးသွားမှာဖြစ်သလို ကြားခံတတိယအဖွဲ့အစည်း (Third Party) မှ ပြည်သူတွေကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရရှိလာမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးအနေနဲ့ ထိုးခွင့်ရှိသူတွေကို ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ခွန်းဖိလစ်က ဆက်ပြောပါတယ်။

“ကျတော်တို့က အရင်ဆုံး Priority ( ဦးစားပေး) ချရမယ် ဦးစားပေးအနေနဲ့ တွက်ချက်ရမယ်။ အဲ့လိုတွက် ချက်တဲ့နေရာမှာ လူနာတွေကိုအမြဲတမ်းကူညီနေမယ့် ပထမဆုံးကျတော့်အနေနဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ လူမှုရေးလုပ်သားတွေ ပြီးတော့မှ အသက်ကြီးပြီးတော့ ရောဂါအခံ သွေးတိုးတို့ ဆီးချိုအခံရှိတဲ့သူတွေ အဲ့လိုပါမယ်။ ဒါပေမယ့် ဒါကလည်း ကျတော်ကစဉ်းစားပြီးပြောတာ လူတိုင်းက ခုပုံမှန် နိုင်ငံတော်တော် များများက Priority ( ဦးစားပေး) ချ၊ အဲ့လိုစဉ်းစားချက်နဲ့ပဲ တကယ်တမ်းကျ အချိန်နဲ့ကိုက်ညီအောင်တော့ ဒေသအတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကျတော်တို့ CSOs ပဲဖြစ်ဖြစ် EAOs ပဲဖြစ်ဖြစ် နည်းနည်းပါးပါး ကျတော်တို့ ပြန်ညှိနှိုင်းရမယ်ထင်တယ်။ အများသဘောတူညီချက်နဲ့လုပ်လို့ရှိရင် အရှုပ်အရှင်းပိုကင်းမှာပေါ့။ သို့မဟုတ် ကျတော်တို့က တစ်ဖက်သတ်ပဲ လုပ်လိုက်လို့ရှိရင် သူကျတော့ရတယ် ငါကျမရဘူးဆိုတဲ့ မျိုးက အမြဲတမ်းကြုံနေရတယ်။ ဒီပြဿနာတွေက သေချာ တတ်နိုင်သလောက် ညှိနှိုင်းပြီးတော့မှ Priority ( ဦးစားပေး) ချပြီးတော့မှ ဆက်လုပ်သွားမယ်လို့ အဲ့လိုပဲစဉ်းစားထားတယ်။”လို့ ခွန်းဖိလစ်က ဖြည့်စွက်ပြောပါတယ်။

NUGမှ ဖွဲ့စည်းထားတဲ့ Covid -19 ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) ကို အဖွဲ့ခေါင်းဆောင်အဖြစ် တိုင်းရင်းသားကျန်းမာရေးကော်မတီဥက္ကဌ ဒေါက်တာစင်သီယာမောင်၊ဒုအဖွဲ့ခေါင်းဆောင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တို့က တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် တတ်သိပညာရှင်များ ပါဝင်ကြပြီး ၂၀၂၁ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here