အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းကြောင်း ကြေညာချက် နိုင်ငံရေးရေးအခြေအနေ အလုံးစုံပျက်သုန်းရေးသို့ ဦးတည်နေကြောင်း ANP ထုတ်ပြန်

0
211

၂၉ ဇူလိုင် ၂၀၂၁

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုမှ ဇူလိုင် ၂၇ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသည် ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာရှုပ်ထွေးမှုများနှင့်အတူ အပြုသဘောဆောင်သော နိုင်ငံရေးအခြေအနေတစ်ရပ်မှ အလုံးစုံပျက်သုန်းရေးသို့ ဦးတည်နေသည်ကြောင်း ANP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျနော်တို့ကတော့ (ရွေးကောက်ပွဲရလဒ်)ဖျက်သိမ်းလိုက်တာဟာ အခုအနေအထားနဲ့ကြည့်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ အလုံးစုံပျက်သုန်းရေးကို ဦးတည်သွားပြီဆိုတာကို သုံးသပ်တယ်”ဟု ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ကြောင်း ဇူလိုင် ၂၆ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတဝှမ်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မိမိရပ်ရွာ၊အိုးအိမ်၊အလုပ်အကိုင်များကို စွန့်ခွာပြီး တိမ်းရှောင်နေရသည့် ပြည်သူများသည် စားသောက်နေထိုင်ရေးအခက်အခဲများဖြင့် ရင်ဆိုင်နေရသည့်အချိန်တွင် တတိယလှိုင်း ကိုဗစ်ကပ်ရောဂါ တပါတည်းကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးမှုများပြားခြင်းကိုလည်း ကြုံတွေ့နေရကြောင်း ANP ၏ ထုတ်ပြန်ချက်က ဆိုထားသည်။

ထို့ကြောင့် ခိုကိုးရာမဲ့ဖြစ်နေကြသည့် ပြည်သူများ၏ လိုအပ်ချက်ကို ကူညီပံ့ပိုးရန်ဆန္ဒရှိသော မည်သည့်အဖွဲ့အစည်းမဆို လူသားချင်းစာနာသည့် အကူအညီအထောက်အပံ့များပေးနိုင်ေရးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွတ်ပေးရန်လည်း ANP က တောင်းဆိုသည်။

ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ တစ်ကမ္ဘာလုံးအကြီးအကျယ်ဒုက္ခရောက်ေနကြတယ်။ အဲဒီအထဲမှာ ကျနော်တို့ရခိုင်ဆိုရင် ပိုဆိုးတယ်။ မြန်မာဆိုရင်လည်း ပိုဆိုးတယ်။ တည်ငြိမ်အေးချမ်းတဲ့ အစိုးရ တစ်ခုမရှိတဲ့အချိန်မှာ အနေအထားတစ်ခုဟာ ပိုပြီးဆိုးရွားနေတဲ့ အခြေအနေတစ်ရပ် ဖြစ်နေတယ်။ ဒါကြောင့် ဒီဟာတွေကို ကိုယ်တစ်ဦးတည်းနဲ့ဆောင်ရွက်လို့မရတဲ့အခါမှာ အများနဲ့ပူးပေါင်းပြီးတော့ ဘယ်လိုကာကွယ်ရင် ကောင်းမလဲဆိုတာကို နိုင်ငံတကာအကူညီပေးဖို့ လူတွေ၊ တခြားအရပ်ဖက် အဖွဲ့တွေ၊ အလှူရှင်တွေ ပူးပေါင်းပါဝင်ပြီးတော့ လုပ်ရမယ်ဆိုတဲ့ သဘောထားကိုပေးချင်တာဖြစ်တယ် ဟု ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ယင်းအပြင် ANP ၏ ထုတ်ပြန်ချက်တွင် နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ကျီးလန့်စာစားဖြစ်နေသည့် သန်းချီသောဒုက္ခသည်များအား လူသားဆန်စွာ အတည်တကျ နေထိုင်နိုင်ရေးအတွက် ထပ်တိုး(၁)လ အပစ်ရပ်စဲရေးမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိနိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

အလားတူ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ကောင်းမွန်သော နိုင်ငံတော်တည်ဆောက်ရေး အခြေအနေ တစ်ရပ်ဖြစ်ပေါ်ရေးအတွက် ပြည်သူ့အကျိုးကိုရှေ့ရှု၍ ပတ်သက်သူများ အားလုံးပါဝင် နိုင်သည့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်ေပါ်ပေါက်လာစေရေး အမြန်ဆုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ANP ၏ သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here