အာဏာသိမ်းစစ်ကောင်စီတပ်၏ ကျုံပျော် ပစ်ခတ်မှုအတွင်း ဖမ်းဆီးခံရသူ ၂၃ဦးရှိပြီး ယခုထိ ပြန်လွတ်ပေးခြင်း မရှိသေးဟုဆို

0
148

ဇွန် ၇ ရက်၊ ၂၀၂၁ခုနှစ်။

ပြီးခဲ့သည့် ဇွန်လ ၅ရက်နေ့ကကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာတွင် ဖြစ်ပွားခဲ့သော စစ်ကောင်စီ တပ်နှင့် ဒေသခံ အကြား ပစ်ခတ်မှုတွင် ဒေသခံ အရပ်သား ၂၃ ဦး အဖမ်းဆီးခံခဲ့ရပြီး ယခုအထိ ပြန်လည် လွတ်မြောက် လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လှေဆွဲကျေးရွာအတွင်း ဒေသခံ ၅ဦး အဖမ်းဆီးခဲ့ရပြီး ရေကြည်မြို့သို့ ထွက်ပြေးတိမ်း ရှောင်သွားသည့် လှေဆွဲကျေးရွာသားမဟုတ်သော ဒေသခံ အရပ်သား ၁၈ ဦးကိုလည်း စစ်ကောင်စီ တပ်မှ ဖမ်းဆီး ထားပြီး ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ပစ်ခတ်မှု ဖြစ်တဲ့ နေ့က ရေကြည်ဘက်ကို ပြေးသွားတဲ့ အရပ်သား ၁၈ ယောက်ကို ရေကြည်ဘက် ကလာ တဲ့ စစ်ကြောင်းကနေ ဖမ်းသွားတယ်။ အဲ့ ၁၈ ယောက်ထဲမှာ ယောက်ျားလေး ၄ ယောက်ကို စစ်ကြော ရေးဘက် ကို ခေါ်သွားတယ်လို့ ကြားတယ်။ ကျန်တဲ့ မိန်းကလေးတွေကြတော့ အုပ်ချုပ်ရေးမှူးအိမ်မှာ ထားတယ်တဲ့။ အခုထိ ပြန်မရောက်ကြသေးဘူး။ နောက်ပြီး လှေဆွဲမှာကြတော့ ဦးပကြေး နဲ့ သူ့ရဲ့ကား ဒရိုင်ဘာရယ် နောက်ပြီး နောက်ထပ်ဒေသခံ ၃ယောက်လည်းဖမ်းထားတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

လှေဆွဲ ကျေးရွာမှ ဦးပကြေး ဆိုသူမှာ ၎င်း၏ ကားဖြင့် လက်နက်များ သယ်လာကြောင်း ဒလန်၏ သတင်းအမှား ပေးမှုကြောင့် စစ်ကောင်စီတပ်မှစတင်ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်းနှင့် ပစ်ခတ်မှု မဖြစ်ပွားခင် ဒေသခံ ကျေးရွာသား ၃ဦးကို စတင်ဖမ်းဆီး သွားပြီး ပစ်ခတ်မှုအတွင်း နောက်ထပ် ၂ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း လည်း ၎င်း ဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီ၏ နိုင်ငံပိုင် သတင်းမီဒီယာ၏ ဖော်ပြချက်အရ အဆိုပါ ပစ်ခတ်မှု အတွင်း လက်လုပ် ဂက်စ်သေနတ် ၆ လက် နှင့် အတူ အကြမ်းဖက် ဆောင်ရွက်သူ ၂ဦးကို အရှင် ဖမ်းမိကြောင်း နှင့် ပစ်ခတ်မှု အတွင်း အရပ်သား ၃ ဦးသေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြ ကြေညာသွားခဲ့သည်။

သို့သော် လက်ရှိ မြေပြင်သတင်းများအရ ပစ်ခတ်မှုအတွင်း လှေဆွဲ ကျေးရွာသား ၃ဦးအပြင် မဲဇလီရွာသား တစ်ဦးမှာ ဝက်သားလာရောက်ဝယ်ယူရန် ဆိုင်ကယ်ဖြတ်မောင်းသွားစဉ် စစ်ကောင်စီ၏ အပစ်သတ်ခံခဲ့ရပြီး အဖမ်းဆီးခံရသူ ဦးပကြေး ဆိုသူမှာလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံ သတင်း အရင်းအမြစ်များ ကဆိုသည်။

လတ်တလော ထွက်ပေါ်လာသည့် သတင်းများအရ အရပ်သားသေဆုံးသူမှာ ၄ဦးသာရှိသော်လည်း ကျုံပျော် ရင်ခွဲရုံသို့ အလောင်း ၇ လောင်းရောက်ရှိနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ ဒေသခံ တစ်ဦးက အတည်ပြုပြောဆိုသလို ၎င်း၇ ဦးတွင် ဦးပကြေးဆိုသူ လည်းပါဝင်ကြောင်း သိရပြီး ကေအိုင်စီ အနေဖြင့် ၎င်းကိစ္စကို သီးသန့် အတည်ပြု နိုင်ခြင်းမရှိသေးပေ။

လတ်တလောအခြေအနေအရ ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြန်လည်ဆုတ်ခွာ သွားပြီဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေရသည့် ကျေးရွာသားများကိုလည်း ကျေးရွာအတွင်း ပြန်လည်ဝင် ရောက်လာရန် ခေါ်ယူနေကာ ယမန်နေ့ကလည်း ဒေသခံလူကြီးများကို အစည်းအဝေး ခေါ်ယူ၍ ပစ်ခတ်မှု အတွက် တောင်းပန်ကြောင်းပြောဆိုသလို ၎င်းတို့၏ အလုပ်တွင်လည်းဝင်မရှုပ်ကြရန် ခြိမ်းခြောက်ပြောဆို ခဲ့ သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“သူတို့(စစ်ကောင်စီ)ဘက်ကနေ ပြည်သူဘက်က လူကြီးပိုင်းတွေကို မနေ့က အစည်းအဝေးခေါ်ပြီးတော့ သူတို့ ဘက်က အခုလို လိုအပ်တဲ့ သူကို လာဖမ်းတဲ့အချိန် ဒီကလက်နက်နဲ့ မတန်ဘဲနဲ့ လာပြီးတော့ခုခံတာကို သူတို့ဘက်က ပြန်ပစ်မိတဲ့အတွက် သူတို့မှားတယ်ပေါ့ တောင်းပန်တဲ့ ပုံစံနဲ့အချိုသပ်တယ်။ သူတို့ အမှား လုပ်မိတာကို တောင်းပန်တဲ့ ပုံစံမျိုးပြောပြီး ထပ်ပြီးတော့ သူတို့ လိုအပ်တဲ့သူကို လာဖမ်းတဲ့အခါ အခုလိုမျိုး ဝင်မရှုပ်ဖို့ နဲ့ ဝင်ရှုပ်ရင် ထပ်ပစ် မယ်ဆိုတဲ့အကြောင်းပြောသွားသေးတယ်တဲ့” ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ရက်နေ့ နံနက်ပိုင်းက ဒလန်၏သတင်းပေးမှုမှ အစပြု၍ လှေဆွဲဒေသခံများကို စစ်ကောင်စီ တပ်မှ ဝင်ရောက် ရှာဖွေဖမ်းဆီးရာမှ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) မဟုတ်သည့် ကျေးရွာသားများနှင့် စစ်ကောင်စီအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here