တိုင်းရင်းသား ဒေသများတွင် အရေးပေါ် ကျန်းမာရေး လိုအပ်ချက်များ မြှင့်မားလာဟု EHC ထုတ်ပြန်

0
184

၈ မေ ၂၀၂၁

စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား ဒေသများတွင် အရေးပေါ် ကျန်းမာရေး လိုအပ်ချက်များ မြှင့်မား လာကြောင်း တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် တိုင်းရင်းသား ကျန်းမာရေး ကော်မတီ (EHC)က မေလ ၆ ရက်နေ့ ရက်စွဲ ဖြင့် သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည် ပြည်မထဲမှ လူထုများနှင့် CDM ဝန်ထမ်းအများအပြား တိုင်းရင်းသား ဒေသများသို့ ဝင်ရောက် ခိုလှုံလာမှုများကြောင့် Covid-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ခြင်းနှင့် ကျန်းမာရေး ကူညီ စောင့်ရှောက်မှု ပေးနိုင်ရန် အတွက် အရေးပေါ်လိုအပ်ချက်များ မြှင့်မားလာရခြင်းဖြစ်သည်ဟု ကော်မတီ ၏ ပြောခွင့်ရ စောနေထူးက ယခုလိုပြောသည်။

၎င်းက “အရင်ကတည်းက ဘဏ္ဍာရေးပိုင်းဆိုင်ရာသော်လည်းကောင်း ဆေးဝါးပစ္စည်းတွေမှာလည်း အားနည်း ချက်တွေ အများကြီးရှိတယ်။ အခုနောက်ပိုင်း မြို့ပြတွေကနေ ထွက်ပြေးလာတဲ့ သူတွေ အထူးသဖြင့် CDM လုပ်တဲ့ သူတွေ တိုင်းရင်းသားဒေသတွေမှာ ပိုပြီးတော့ ရောက်ရှိလာတာတွေ ပိုတွေ့ရတယ်။ နောက်ပြီးတော့ Covid-19ကို ဆက်ပြီး တိုက်ဖျက်နေရတဲ့ ပြဿနာကလည်းဆက်ပြီးရှိနေတယ်။ ဒါတွေအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စရတွေက အများကြီး လိုအပ်လာတယ်” ဟု​ ကေအိုင်စီသို့ပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသူများကို တာဝန်ယူ စောင့်ရှောက်နေစဉ် ကိုဗစ် ကပ်ရောဂါ ကို ရင်ဆိုင်ကြုံတွေ့နေရသည့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာအကူအညီများ အရေး ပေါ် လိုအပ်နေကြောင်းလည်း စောနေထူးက ဆက်ပြောသည်။

အဆိုပါ လိုအပ်ချက်များအနေဖြင့် PPE ဝတ်စုံများ၊ ကိုဗစ် စမ်းသပ်ရေး စက်ကိရိယာပစ္စည်းများ နှင့် ကိုဗစ် ကာကွယ်ဆေးများပါဝင်သင့်ပြီး တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများ လုပ်ဆောင်နိုင်စွမ်းရှိသော ကျန်းမာရေး အခြေခံ အုတ်မြစ်စနစ်များကို မြှင့်ပေးရန် လိုအပ်ကြောင်း EHC က ဆိုသည်။

ထိုသို့ ကူညီထောက်ပံ့မှုများပေးရာတွင်လည်း မြန်မာပြည်မထဲရှိ လက်ရှိ စစ်ကောင်စီ မှ တစ်ဆင့် တိုင်းရင်းသား ဒေသများသို့ ပေးပို့ ထောက်ပံ့ခြင်းမျိုးမဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုအနေဖြင့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများသို့ တိုက်ရိုက် ကူညီထောက်ပံ့မှု ပေးသင့်ကြောင်းလည်း စောနေထူးက ပြောသည်။

“နိုင်ငံတကာ အစိုးရတွေရဲ့ ကူညီပံ့ပိုးမှု ကိစ္စရပ်တွေမှာတော့ အရင်တုန်းကလို ပြည်တွင်းကို ဖြတ်ပြီးတော့ သွားနေ မဲ့ အစား လောလောဆယ် ဖြစ်ရှိနေတဲ့ အနေအထားအရ သူတို့(စစ်ကောင်စီ)ဆီကနေ သွားစရာအကြောင်းမရှိ ဘူး။ သွားမယ်ဆိုရင် အာဏာသိမ်း စစ်ကောင်စီကို သွားပြီးတော့ အသိအမှတ်ပြုရာ ကျမယ်။ လောလောဆယ် မှာ နယ်စပ်ဖြတ်ကျော်ပြီးတော့ သွားတာက ပိုကောင်းတယ်။” ဟု ပြောသည်။

အလားတူ မြန်မာပြည်၏ စစ်အာဏာသိမ်းမှုတွင် (CDM)ပြုလုပ်သူများ၌ ကျန်းမာရေး ဝန်ထမ်းအများ အပြား ပါဝင်လာ ကြခြင်းကြောင့် တိုက်ရိုက် အကျိုးသက်ရောက်မှု အနေဖြင့် ကိုဗစ် ရောဂါ စစ်ဆေးခြင်း၊ ကုသခြင်း နှင့် ကာကွယ်တားဆီးရေး၊ ကာကွယ်ဆေး ထိုနှံခြင်းလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ လူထုကျန်းမာရေး စနစ်ပြိုလဲပြီး ထိန်းချုပ်ရန် မဖြစ်နိုင်သည့် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုများ၊ ဗိုင်းရပ်စ် ပိုး မျိုးကွဲသစ်များပေါ် ပေါက်လာခြင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကာကွယ်တားဆီးရေး ကြိုးပမ်းမှုများအပေါ် ခြိမ်းခြောက် လာနိုင်ကြောင်းလည်း EHC က သတိပေးထောက်ပြထားသည်။

၎င်းအတွက် CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၏ ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ဆောင်မှုများကို အာဏာသိမ်း စစ်ကောင်စီ၏ ကျန်းမာရေး စနစ်ဖြင့် ကင်းလွှတ်စွာ ရပ်တည်လုပ် ဆောင်နိုင် ရန် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ ကူညီမှုများ တိုးမြှင့် လုပ်ဆောင်ပေးသင့်ကြောင်းလည်း EHC က အကြံပြု တောင်းဆိုထားသည်။

ထို့အပြင် အိမ်နီးချင်း တိုင်းပြည်များဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ တရုတ် နှင့် ထိုင်း နိုင်ငံများအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေများတွင် လိုအပ်နေသော ကိုဗစ် ကာကွယ်ဆေးများကို လူသား ချင်းစာနာမှုအရသော်လည်းကောင်း လူထုအသီးသီးသို့ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန် လည်းကောင်း သယ်ယူပို့ ဆောင်ခွင့်ပြုရန်လည်း EHC ကဆက်လက် တောင်းဆိုထားသည်။

တစ်ဖက်တွင်လည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)မှတဆင့် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီ ညွတ်ရေး အစိုးရအဖွဲ့( NUG)တွင် သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာနကိုပါ ဖွဲ့စည်းထား သော်လည်း ကျန်းမာရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအတွက် လက်ရှိ အချိန်ကာလအထိ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် တိုက်ရိုက် ဆွေးနွေးပြောဆိုမှုများ မရှိသေးကြောင်း သိရပြီး ဆွေးနွေး ညှိနှိုင်းမှု များ ပေါ်ပေါက်လာမည်ဟုယူဆကြောင်းလည်း စောနေထူးက ဖြည့်စွက်ပြောဆိုသည်။

တိုင်းရင်းသား ကျန်းမာရေး ကော်မတီ( EHC) ထိုင်း-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်ရှိ မွန်၊ကရင်၊ ကရင်နီ နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်များစီမံအုပ်ချုပ်ရာ​ဒေသများ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၏ နယ်စပ်ဒေသ များတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေသော တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများ၏ အဓိက မိတ်ဖက် စုဖွဲ့မှုကော်မတီ ဖြစ်ကြောင်း သိရသည်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here