အလော့ဒ်ဘွမ်စခန်းကုန်း ပြန်ရယူနိုင်ရေးအတွက် စစ်ကောင်စီတပ်မှ ဝေဟင်ထိုးစစ်များသုံးကာ ဆက်တိုက်ပစ်ခတ်နေကြောင်း KIO/KIA ပြောဆို

0
110

၁၃ ဧပြီ ၂၀၂၁ ခုနှစ်။

KIAမှ သိမ်းယူထားသည့် အလော့ဒ်တောင် (Alaw Bum) စခန်းကုန်းကို အာဏာသိမ်းစစ်ကောင်စီစစ်တပ်က လေကြောင်းထိုး စစ်များဖြင့် ဆက်တိုက်ပစ်ခတ်ကာ ပြန်လည်ရယူရန် ကြိုးစားနေကြောင်း KIO/KIA က ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ တပ်စွဲထားသည့် အလော့ဒ်တောင် (Alaw Bum) စခန်းကုန်းကို မတ်လ နောက်ဆုံးအပတ်က KIA က တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် အဆိုပါ စခန်းကုန်းကို ပြန်လည်ရယူရန် စစ် ကောင်စီ၏ လက်နက်ကိုင်တပ်များက မြေပြင်အပြင် ဝေဟင်ထိုးစစ်များပါ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေသည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

“ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ်တပ်တွေလည်း တပ်ထိုင်ခဲ့တဲ့အနေရာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျနော်တို့ KIA တွေ ပြန်ထိုင်တဲ့နေရာဖြစ်ပါတယ်။ ၁၉၈၇ မှာပဲ တပ်မတော်ဘက်ကနေ ပြန်သိမ်းပြီးမှ ဒီနေ့ ကျနော်တို့ လက်ထဲမှာ ရောက်လာတဲ့ စစ်တပ်ကုန်းဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ တရုတ်ပြည်ဘက်နဲ့လည်း နီးတပ် စစ်တပ်ကုန်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် တော်တော်လေးတော့ စစ်ဗျူဟာနဲ့ ပြောမယ်ဆိုရင်တော့ ဗျူဟာကျတဲ့ နေရာ ဖြစ်ပါတယ်။ ဒီဒေါ့ဖုန်းယန်တို့ မြို့သစ်၊ ကုန်းလော အားလုံးရဲ့ အရှေ့ဘက်ခြမ်းမှာ ကျတဲ့ တောင်ကုန်း ကြီး ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူတို့ မရမက ပြန်ထိုးလာတဲ့ သဘောမျိုး ရှိပါတယ်။”

ယမန်နေ့က အလော့ဒ်တောင် (Alaw Bum) စခန်းကုန်းကို လေယာဉ်ဖြင့် ၇ ကြိမ်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့ ကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းအပြင် အမြောက်တပ်ဘက်ကနေလည်း ပစ်ခတ်မှုများ ရှိခဲ့သည်ဟု KIO/ KIA က တာဝန်ရှိသူများက ပြောသည်။

ယနေ့ ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူ က “ဒီနေ့က မနက်ပိုင်းအထိ တိုက်ပွဲတော့ ရှိတယ်။ ဒီနေ့က လေယာဉ်နဲ့ပစ်တာတော့ မရှိဘူး။ တိုက်ပွဲတော့ ရှိတယ်။ မနေ့ကတော့ ဒီလေ ယာဉ်ပျံနဲ့လည်း တိုက်တယ်။ မြေပြင်နဲ့လည်း တိုက်တယ်။ တော် တော် ပြင်းထန်တယ်လို့ ပြောလို့ရတာပေါ့။ တနေကုန်ဖြစ်နေတာ။ လေယာဉ်ပျံကလည်း ၇ ကြိမ်လောက် ပစ်နေတယ်။ ဗုံးတွေနဲ့လည်း ပစ်တယ်။ ရော့ ကတ်တွေနဲ့လည်း ပစ်တယ်။ တော်တော်ပြင်းထန်တဲ့အနေအထား ဖြစ်ပါတယ်။ အလော့ဒ်ဘွမ် တဝိုက်မှာ ဖြစ် တာပါ။ အရင်က ကျနော်တို့ ဝင်စီးထားတဲ့ ကုန်းပေါ့” ဟု ပြောသည်။

အလော့ဒ်တောင် ကုန်းသည် လိုင်ဇာနှင့် မိုင်ဂျာယန်ဆက်သွယ်ထားသည့် လမ်းမပေါ်တွင်ရှိသည့် အရေးပါတဲ့ စစ်ကုန်း၊ ဗျူဟာမြောက်သည့် ကုန်းတစ်ကုန်းဖြစ်ပြီး IDPs စခန်းများ ဖြစ်ကြသည့် ဂျေယန့်၊ ဖုန်လုန်ယန်တို့ကို လည်း ခြိမ်းခြောက်ကာ လက်နက်ကြီးများ ဖြင့် လှမ်းပစ်နိုင်သည့် ရှေ့တန်းစိုးမိုးကုန်းတစ်ကုန်းလည်း ဖြစ်သည်။
KIA တပ်မဟာ ၅နယ်မြေ၊ အလော့ဒ်တောင်အနီး၊ ဆလောင်းကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA တို့အကြား ယခုရက်ပိုင်း ရက်ဆက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု KIO/KIA က ပြောသည်။

ဧပြီလ ၁၁ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ အဆိုပါနေရာများတွင် နှစ်ဖက်ကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု KIA က ပြောသည်။ ယနေ့မွန်လွှဲပိုင်းအချိန်ထိ လေကြောင်းထိုးစစ်များ မရှိသော် လည်း မြေပြင်တပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်နေသည်ဟု ဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍လည်း ရှေ့တန်းရောက် KIA တာဝန်ရှိသူတစ်ဦး က “တိုက်ပွဲက မနေ့က တနေကုန်ဖြစ်တယ်။ မနက် ၅ နာရီခွဲကနေ ညနေအထိပဲ။ လေယာဉ်တွေက လာပစ်လိုက် ပြန်သွားလိုက်ပဲ။ ပထမတစ်ယောက် တစ်စီးပဲလာတယ်။ နောက်တစ်ခေါက်မှာ နှစ်စီး ပြန်လာတယ်။ လက်နက် ငယ်တွေနဲ့လည်း ပစ်တယ်။ ညအထိပဲ။ ၇ နာရီလောက်အထိ မပြီးဘူး။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်တော့ အခြေအနေကလည်း တင်းမာနေဆဲပဲ ဖြစ်တယ်” ဟု ပြောသည်။

အလော့ဒ်တောင် (Alaw Bum) တပ်စခန်းကုန်းကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ပစ်ခတ်ရာတွင် တရုတ် နိုင်ငံဘက်ခြမ်းမှ ပတ်ကာ ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း ရှေ့တန်းရောက် အဆိုပါ KIA တာဝန်ရှိသူက ပြော သည်။

ယမန်နေ့က တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် တရုတ်နိုင်ငံဘက်ခြမ်းကိုလည်း အာဏာသိမ်းစစ်ကောင်စီ၏ ဒေါ့ဖုန်းယန်ရှိ အမြောက်တပ်မှ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များ ကျခဲ့သည်ဟုလည်း ဗိုလ်မှူးကြီး နော်ဘူ က ဆက်ပြောသည်။

“အလော့ဒ်ဘွမ်အောက် တောင်ခြေရင်းနေရာမှာ ဖြစ်ပါတယ်။ တရုတ်ဘက်ကို ကျတာက လေယာဉ်နဲ့ ပစ်တာ တော့ မဟုတ်ဘူး။ လက်နက်ကြီးနဲ့ပါ။ ဒေါ့ဖုန်းယန် အမြောက်တပ်ဘက်ကနေ ပစ်တာ။ နည်းနည်း ကျော်သွား တာနေမှာပါ။ ဒီတရုတ်ပြည်ဘက်ခြမ်း ကော်ဖီခြံတို့ဘက် ကျသွားတာပေါ့။ ပြည်သူတွေပြောတာတော့ ၆ လုံးလို့ပြောတယ်။”

KIA တပ်မဟာ ၁၊ တပ်ရင်း (၁၀) နယ်မြေဘက်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည် ဟု သိရသည်။ မလိန်ယန်ဘက်မှ ဆွမ်ပရာဘွတ်ဘက်သို့ တက်လာသည့် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ အကြား ဧပြီလ ၁၁ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများက အတည်ပြုပြောသည်။

ထို့အပြင် KIA တပ်မဟာ ၉ လက်အောက်ခံတပ်ရင်းဖြစ်သည့် တပ်ရင်း ၄၄ နယ်မြေအတွင်းရှိ ဂေါ့လူယန်ကျေး ရွာအနီးတွင်လည်း နန့်ယားဘက်မှ ဖာကန့်ဘက်သို့ တက်လာသည့် အာဏာသိမ်းစစ်တပ်နှင့် KIA တပ်တို့အကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ ရှိနေသည်ဟု ရှေ့တန်းရောက် KIA တာဝန်ရှိသူတစ်ဦး က အတည်ပြုပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here