ဝိုင်းမော်တွင် တရားမဝင်သစ်များ တွေ့ရှိ၊ သစ်စက်ပိုင်ရှင် မမိသေး

0
192

၂၄ မတ် ၂၀၂၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဘွမ်တောင်ကျေးရွာနီး တရားမဝင်သစ်စက်နှင့်အတူ သစ်တန်ချိန်ပေါင်း ၁၂၀၀ကျော်အား မတ်လ ၁၆ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၂၀ခုနှစ်တွင် ပထမဆုံးအကြိမ် သစ်တန်ချိန်အများဆုံးဖမ်းဆီးရမြိခင်းဖြစ်သည်ဟုလည်း ထပ်မံ သိရသည်။

“ ပိုင်ရှင်အနေနဲ့က ဦးအိုက်မြင့်ဆိုတာ သိရတယ်။ လက်ရှိဖမ်းဆီးရမိထားတာတော့ တရုတ်နိုင်ငံသားတစ်ယောက်ရယ် မြန်မာနိုင်ငံသား သစ်ကားမောင်းတယ်ဆိုတဲ့တစ်ယောက် ဖမ်းဆီးထားတယ်။ သူတို့ကိုတော့ ကျနော်တို့ သစ်တောဥပဒေအနေနဲ့တော့ ပုဒ်မ ၄၂၊ ပုဒ်မ ၄၃(က)နဲ့တရားဆွဲသွားဖို့တွက် ဆောင်ရွက်နေပါတယ်။ ပိုင်ရှင်ကိုတော့ ဆက်လက်စုံစမ်းဖော်ထုတ်သွားဖို့ရှိပါတယ်” ဟု သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးဒရှီလဆိုင်း ဆိုသည်။

အဆိုပါသစ်များကို မြန်မာ့တပ်မတော် စကခ(၃) ဗိုလ်မှူးကြီးစိန်လင်း ဦးဆောင်သည့် စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ဖမ်းဆီးရမိသည့်စားရင်းတွင် သစ်စက် ၁လုံး၊ သစ်အလုံးရေ ၁၅၀၀ ခန့် (တန်ချိန်အားဖြင့် ၁၂၀၀ တန်ချိန်ရှိပြီး) ၁၂ဘီးကား တစ်စီး၊ ကားအသေးတစ်စီး ဖမ်းဆီးရမိထားကြောင်း ၎င်းကဆက်ပြောသည်။

ဖမ်းဆီးရမိသည့် သစ်များကို ပြန်လည်ရောင်းချခြင်းထက် သစ်များအားလုံးအားမီးရိူ့ဖျက်စီးလိုကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးဒရှီလဆိုင်းက ပြောသည်။

“ကျနော့်အနေနဲ့တော့ သစ်တွေနဲ့ပတ်သက်တဲ့ ဖမ်းဆီးမူမှာ အဓိက တရားခံကိုမိအောင်ဖမ်းဖို့တော့ေြပာတာပေါ့နော်။ သို့သော်လည်းတစ်ချို့နေရာ ဖမ်းဆီးလို့ခက်ခဲတဲ့နေရာမျိုးမှာဆိုရင်တော့ ကျနော်တို့သွားဖမ်းမယ့်နေရာတွေမှာ သတင်းတွေပေါက်ကြားမူကြောင့် လူတွေတိမ်းရှောင်သွားတဲ့နေရာမျိုးမှာဆိုရင် ပိုင်ရှင်မဲ့လို့ပြောရတဲ့တွက် အားမလိုအားမရတော့ ဖြစ်တာပေါ့နော်။ နောက်တစ်ခုကျတော့ ဒီဖမ်းမိထားတဲ့ သစ်တွေကိုလည်းပြန်လည်ရောင်းချြခင်း မပြုဘဲနဲ့အကုန်လုံးကို မီးရိူ့စေချင်တယ်” ဟု သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးဒရှီလဆိုင်း ဆိုသည်။

လက်ရှိကချင်ပြည်နယ်တွင် တရားမဝင်ရောင်းချနေသည့် သစ်များအား ပြည်နယ်အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်သွယ်ဖို့ လိုအပ်သော်လည်း နယ်မြေလုံခြုံရေးအရ လက်လှမ်းမမီနိုင်သည့် နေရာများရှိနေကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိဖမ်းဆီးရမိထားသည့် သစ်နဲ့ပတ်သက်ပြီး သစ်စက်ပိုင်ရှင်ကို မမိသေးသဖြင့် ဖမ်းဆီးနိုင်ရန်တွက်ဆောင်ရွက်နေကြောင်း သိရသည်။

နောနော် (ကေအန်ဂျီ)- ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here