ပြည်နယ်လွှတ်တော်ကို မတင်ပြသည့် နန်ကျင် စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်း ရပ်တန့်ထားဟု ဆို

0
121

၂၄ မတ် ၂၀၂၀

မြစ်ကြီးနားမြို့ နန်ကျင် စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းအား လက်ရှိတွင် ရပ်တန့်ထားကြောင်း ကချင်ပြည်နယ် လူထုလယ်ယာမြေနဲ့ စီမံကိန်းစောင့်ကြည့်လေ့လာရေး ကော်မတီမှ သိရသည်။

မတ်လ ၁၆ရက်နေ့ ပြည်နယ်အစိုးရငွေစာရင်းကော်မတီ၊ စီမံဘဏ္ဍ၊ ကချင်ပြည်နယ်လူထုလယ်ယာမြေနဲ့ စီမံကိန်းစောင့်ကြည့်လေ့ကော်မတီတို့ တွေ့ဆုံချိန် ပြည်နယ်အစိုးရဘက်မှ ယင်းကဲ့သို့ပြောခဲ့ခြင်းဖြစ်ေကြာင်း ဆရာအင်ဂျိုင်းနော်ဂျာက ဆိုသည်။

“နန်ကျင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီနေ့ပြောသွားတာတစ်ခုရှိတယ်။ အဲဒါဘာလဲဆိုရင် လက်ရှိနန်ကျင်စီးပွားရေးစီမံကိန်းကို (MOU)နားလည်မူစာချွန်လွှာ ထိုးထားပေမယ့်လည်း လက်ရှိချိန်မှာတော့ ရပ်တန့်ထားတယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ပြန်ဆက်စပ်စဉ်းစားကြည့်တော့ ကျနော်တို့ဘက်က ပြန်မေးတာရှိတယ်။ ဒီကန်ပိုက်တီ ကုန်သွယ်ရေးဇုန်ရယ်၊ နန်ကျင်စီးပွားဖွံ့ဖြိုးရေးဇုန်ဆိုတာ ခုဒီဝိုင်းမော်ဘက်မှာမြို့ရှောင်လမ်းလုပ်နေတယ်။ အဲဒါတွေအားလုံးက ပတ်လည်ရိုက်ပြီး ဆက်စပ်နေတာ။ အဲကြောင့် ကျနော်တောင်မှ ထပ်မေးသေးတယ်။ အတည်မပြုမှာစိုးလို့ ထပ်မေးသေးတယ်။ အဲဒါက ဖျက်သိမ်းတာလား ရပ်တန့်တာလားလို့မေးတော့ ရပ်တန့်ထားတယ်ဖြစ်တယ်ဆိုပြီး ပြောခဲ့တယ်။” ဟု ကချင်ပြည်နယ်လူထုလယ်ယာမြေနဲ့ စီမံကိန်းစောင့်ကြည့်လေ့လာရေး ကော်မတီမှ ဆရာအင်ဂျိုင်းနော်ဂျာက ပြောသည်။

နန်ကျင်စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းကို လွန်ခဲ့သည့် ၂၀၁၈ခုနှစ်မေလတွင် တရုတ်ကုမ္ပဏီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ နားလည်မှုစာချွှန်လွာ လက်မှတ်ရေးထိုးထားသည်။

နှစ်နိုင်ငံအကြား နားလည်မူစာချွန်လွှာ ထိုးပြီးထားသော်လည်း ကချင်ပြည်နယ်လွှတ်တော်သို့ တစ်စုံတစ်ရာ တင်ပြခြင်းမရှိသေးကြောင်း ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ်၊ ကချင်ပြည်နယ် ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခေါ်မားဝူက ယခုလို ပြောသည်။

“ဒါကတော့ ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်အရ ကချင်ပြည်နယ်အစိုးရက ဆောင်ရွက်ရတာဖြစ်တဲ့တွက် ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာဌာနအနေနဲ့လည်း လွှတ်တော်မှာ ရှင်းလင်းတင်ပြတာ မရှိသေးဘူး။ ခုမှ သူတို့က (MOU) ထိုးပြီးတော့ ဒီလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးနေတယ်။ ကွင်းဆင်းနေတယ်ဆိုတဲ့ အပိုင်းလောက်ဘဲ သိရပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျမတို့ကော်မတီအနေနဲ့ ရပ်တန့်ထားတယ်ဆိုတာထက်ကို ရှေ့ဆက်အားလုံးပြည်သူကော အစိုးရကော အားလုံးအဆင်ပြေပြေနဲ့ဆောင်ရွက်နိုင်ဖို့ ပြသာနာတွေကို တစ်ဖြည်းဖြည်းလျော့ချနိုင်ဖို့တွက် ကြိုးစားနေတယ်လို့ပဲ ထင်ပါတယ်” ။

နားလည်မူစာချွန်လွှာကို ၂၀၁၈ ခုနှစ်တွင်စတင်ရေးထိုးခဲ့ကြပြီး အဆိုပါစာချွန်လွှာ၏ သက်တမ်းသည် ၁နှစ်ဖြစ်သည်။ သို့သော် စီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးစဉ်သတ်မှတ်ထားသည့် ကာလအတွင်းပြီးပြတ်မူမရှိပါက နောက်ထပ် (၆) သက်တမ်းတိုးခွင့်ရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံသည့် စီးပွားရေးဇုန်များဖြစ်သော သီလဝါစီးပွားရေးဇုန်သည် ဟက်တာ ၄၀၀ ၊ ကိုးရီးယားမြန်မာ စီးပွားရေးဇုန်သည် ဟက်တာ ၂၀၀ ကျော်ခန့်ရှိကာ ကချင်ပြည်နယ် မြစ်ကြီးနားတွင်ရှိသည့် နန်ကျင်စီးပွားဖွံ့ဖြိုးရေးဇုန်သည် အကြီးဆုံးအဖြစ် ဟက်တာ ၂၀၀၀ ရှိကြောင်း သိရသည်။

သို့သော် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် နန်ကျင်စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြထားခြင်းမရှိသေးကြောင်း ကချင်ပြည်နယ်လူထုလယ်ယာမြေနဲ့ စီမံကိန်းစောင့်ကြည့်လေ့လာရေး ကော်မတီမှ ဆရာအင်ဂျိုင်းနော်ဂျာ ကပြောသည်။

“ခုဖြစ်နေတာ ပွင့်လင်းမြင်သာမူမရှိဘူး။ ကျနော်တို့သွားဆွေးနွေးခဲ့တော့ လွှတ်တော်မှာ ဖြတ်သန်းတာမရှိဘူး ၊ ချပြတာ လည်း မရှိဘူး။ ဒေသခံတောင်သူတွေဖြစ်တဲ့ နန်ကျင်တောင်သူတွေနဲ့ တွေ့ဆုံတဲ့ချိန်မှာလည်း ဒေသခံတွေကို အသိပေးခြင်းလည်း မရှိဘူး။ ပွင့်လင်းမြင်သာမူဆိုတာ ဘာမှကိုမရှိဘူး။ နန်ကျင်တောင်သူတွေက (MOU) ထိုးပြီးတဲ့ချိန်မှ မြေတွေဘာတွေလာတိုင်းကျ ကြိုးတွေဆွဲနေကြတဲ့ချိန်မှ ဘယ်လိုဖြစ်တာလဲ ကျနော်တို့ဘာမှ မသိရဘဲ အကောင်ထည်ဖော်မလဲ သူတို့ကတော့ အကောင်အထည်ဖော်မယ်ထင်တာပေါ့နော်။ ဒါပေမယ့် ဒီနေ့လွှတ်တော်မှာကြားခဲ့ရသလောက်က ဘာလဲဆိုရင် (MOU) ထိုးပြီးပြီဆိုရင် လုပ်တော့မယ်ဆိုပြီး ချပေးတာတော့ မဟုတ်ဘူး။ နှစ် ၅၀ စီမံကိန်းအနေနဲ့ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ စီမံကိန်းတစ်ခုလုံးကို ဆွဲနေတယ်ဆိုပြီးပြောတာတော့ရှိတယ်” ဟု ပြောသည်။

နန်ကျင်စီးပွားဖွံ့ဖြိုးရေးဇုန်အတွင်း မြေသိမ်းဆည်းခံအုပ်စု ၃ စုရှိသည်။ ၎င်းတို့မှာ နဝတ အစိုးရလက်ထက် မြေသိမ်းယူထားသည့် လုပ်ငန်းရှင် ၆ဦး၊ တောင်သူ (၉၇) ဦး၏ ပရတိုင်းရင်းဆေး စိုက်ခင်း ဧက (၆၅၀) နှင့် နန်ကျင် မူလရွာသားမျာ (၂၁)ဦး၏ မြေဧက(၁၈) တို့ဖြစ်သည်။

လက်ရှိနန်ကျင်စီးပွားဖွံ့ဖြိုးေရးဇုန်စီမံကိန်းသည် ဧရိယာ ၄၇၀၀ ရှိပြီး၊ စီမံကိန်း၏သက်တမ်းမှာ နှစ်(၅၀)ဖြစ်ကြောင်း နားလည်မူစာချွန်လွှာအရသိရသည်။

ကချင်ပြည်နယ် လူထုမြေယာမြေနဲ့ စီမံကိန်းစောင့်ကြည့်ရေး ကော်မတီအား လွန်ခဲ့သည့် ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဖွဲ့ကို နိုင်ငံရေးပါတီအဖွဲ့စည်းများ၊ အရပ်ဘက်အဖွဲ့စည်းများ၊ ဥပဒေအကြံပေးများ၊ တောင်သူများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

နောနော် (ကေအန်ဂျီ)- ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here