ရေကာတာစီမံကိန်းကြီးများကြောင့် စစ်မှန်သည့် ငြိမ်းချမ်းရေးမရနိုင်ကြောင်း ဒေသခံတိုင်းရင်းသားများ တောင်းဆို

0
194

၁၆ မတ် ၂၀၂၀
မြန်မာနိုင်ငံမြစ်ချောင်းများပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကြီးများရှိနေသ၍ စစ်မှန်သည့် ငြိမ်းချမ်းရေးမနိုင်ကြောင်း မတ်လ ၁၄ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်း ထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့၌ ဒေသခံတိုင်းရင်းသားများမှ တောင်းဆိုခဲ့ကြသည်။

အဆိုပါ စီမံကိန်းများကြောင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများအပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက် စီးမှုများနှင့်ဒေသခံ ဌာနေတိုင်းရင်းသားများ၏ ဘဝများကို ထိခိုက်ပျက်စီးစေကြောင်း ယနေ့ ဖာပွန်ခရိုင် အတွင်း ရှိ သံလွင်မြစ်ကမ်းပေါ်တွင် တိုင်းရင်းသားလူမျိုးများစုပေါင်းပြုလုပ်သည့် ရေကာတာဆန့် ကျင်ရေးနေ့၌ ကရင် မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ဝင် နော်ဆာမူးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ဘယ်နေရာမှာဖြစ်ဖြစ် ရေကာတာလို စီမံကိန်းတွေ ဖြစ်ပေါ်ပြီးဆိုတာနဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံလို ဒေသမှာဆို တိုက်ပွဲတွေက အရင်ဆုံးဖြစ်တာပဲ။ ဒေသခံလူထုတွေ ပြောင်းရွှေ့ထွက်ပြေးရတာတွေလည်း ဖြစ် စေတယ်။ အနီးစပ်ဆုံးပြောရမယ်ဆိုရင် ဟတ်ကြီးရေကာတာစီမံကိန်းကြောင့် ဒေသခံ လူထု ခြောက်ထောင် လောက် မြိုင်ကြီးငူကိုပြောင်းရွှေ့နေထိုင်နေရတယ်။ တိုက်ပွဲဒဏ်ကိုပဲခံစားရတာမဟုတ်ပဲ အမျိုးမျိုး ခံစား ရတယ်” ဟု ပြောသည်။

ထို့အပြင် ဒေသခံဌာနေတိုင်းရင်းသားလူမျိုးများအတွက် အကျိုးဖြစ်ထွန်းခြင်းထက် ထိခိုက်ပျက်စီးမှုကို ပိုမို ဖြစ်ထွန်းစေပြီး ကမ္ဘာ့ဂေဟစနစ်ကို ထိခိုက်စေသည့် ရေကာတာ စီမံကိန်းကြီးများကို လုံးဝဖျက်သိမ်းသင့် ကြောင်း နော်ဆားမူးက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်လက်တက်များ၊ စစ်တောင်း၊ သံလွင်နှင့် တနင်္သာရီ မြစ် များပေါ်တွင် တည်ဆောက် ပြီးစီးသည့်ရေကာတာစီမံကိန်းကြီးများ၊ တည်ဆောက် ရန် စီစဉ်ထားသည့် စီမံကိန်းကြီးများနှင့် ဖျက်သိမ်းထား သည့် စီမံကိန်းကြီးများ ၂၈ခုရှိပြီး ၅ခုမှာ တည်ဆောက် ပြီးစီးထားသလို တစ်ခုကို ဖျက်သိမ်းလိုက်ပြီး ကျန်ရှိ သည့် စီမံကိန်းကြီး ၂၂ခုကို တည်ဆောက်ရန် ဆက်လက် စီစဉ်နေကြောင်းလည်း မြန်မာနိုင်ငံ မြစ်ချောင်း များဆိုင်ရာကွန်ယက်က ဆိုသည်။

အဆိုပါ စီမံကိန်းများသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်နယ်မြေများ တွင်လည်း တည်ရှိနေခြင်းကြောင့် စီမံကိန်းကို မလိုလားသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတပ်မတော် အကြား လက်နက်ကိုင်ပဋိပက္ခများ မကြာခဏဖြစ်ပွားသလို စီမံကိန်းပြီးစီးသည့်နေရာဒေသများတွင်လည်း ဒေသခံများမှာ စီမံကိန်း၏ အကျိုးကျေးဇူးများမခံစာရပဲ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းခံခဲ့ရမှုလည်း ကြုံတွေ့ ခဲ့ရကြောင်း ဒေသခံတိုင်းရင်းသားများက ဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် ကျေးရွာပြောင်းရွှေ့နေထိုင်ခဲ့ရသူ ကချင်အမျိုးသမီး ဒေါ်သိမ့်ဝမ်က “ မြစ်ဆုံ စီမံကိန်း မှာက ဒေသကျေးရွာ ၄ ရွာရှိပါတယ်။ ကျမတို့ ရွှေ့ပြောင်းခဲ့ရတာက ၂၀၁၁က အခုဆိုရင် ၁၀နှစ်လောက်ရှိပြီး။ တရုတ် တွေက မင်းတို့ ဒေသခံတွေ ၈၀ ရာခိုင်နှုန်းလောက် သဘောတူပြီးပြောင်းရွှေ့တာဖြစ်တယ်။ မင်းတို့ကို လည်းပိုက်ဆံအကုန်ပေးပြီးပြီး အခုမင်းတို့ဘားမှ ပြောစရာမလိုတော့ဘူး။ တကယ်က ကျမတို့က ဘား လက်မှတ်မှ မထိုးခဲ့ရဘူး။ အဲ့လိုဒေသခံတွေကို လိမ်ပြီးမှ ဒီရေကာတာ စီမံကိန်းကို လုပ်နေကြတာ” ဟု ပြောသည်။

အလားတူ ရှမ်း၊ကရင်နီ(ကယား)၊မွန်နှင့် ကရင်ပြည်နယ်သို့ ဖြတ်သန်းစီဆင်းသည့် သံလွင်မြစ်ပေါ်တွင် အကြီး စား ရေအားလျှပ်စစ် ရေကာတာ စီမံကိန်း ၇ခုတည်ဆောက်ရန် ယခင်အစိုးရလက်ထက်မှစ၍ စီစဉ်ဆောင်ရွက် လျက်ရှိပြီး ၎င်းစီမံကိန်းကြီးများကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်းလျက်ရှိကြောင်း ဒေသခံ များက ဆိုသည်။

ဟတ်ကြီးစီမံကိန်းအနီး သံလွင်မြစ်ကမ်းနံဘေးရှိ အီတုထ ကျေးရွာဒေသခံ စောစိုးခူက “ကျနော်တို့ စားဖို့ သောက်ဖို့ သွားဖို့လာဖို့က သံလွင်မြစ်ကိုပဲ အဓိက မှီခိုနေကြရတာ။ ကျနော်တို့ သံလွင်မြစ်ပေါ်မှာ ရေကာတာ လာဆောက်မယ်ဆိုရင် ဒီမီခိုနေရမှုတွေ အကုန်ပျက်စီးကုန်မှာပဲ။ တကယ်တည်ဆောက်မယ်ဆိုရင် စစ်တပ်တွေ ကျနော်တို့ကို သေနတ်နဲ့ လာပစ်တာထက်တောင်ပိုဆိုးမယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ နေထိုင်စား သောက်မှု တစ်ဦးတစ်ယောက်ထဲမကပဲ အကုန်လုံး ပြေးလွှာရှောင်တိမ်းရပြီး ဘယ်လို လုပ်ကိုင်စားသောက် ရမလဲဆိုတာ အကုန်လုံးခက်ခဲကုန်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်နှင့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်တို့ ဦးဆောင် စုပေါင်း ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့်ရေကာတာဆန့်ကျင်ရေးနေ့သို့ သျှမ်း (ရှမ်း)၊ကရင်နီ(ကယား)၊ကယန်း၊တအာန်း၊ကူးကီ၊ ပအိုဝ်း၊မွန်၊ရခိုင်၊ ချင်း၊ ကချင်နှင့် ဒေသခံ ကရင်တိုင်းရင်းသား ဒေသခံများ စုစုပေါင်း နှစ်ထောင်(၂,၀၀၀)ကျော်ပါဝင်တက်ရောက်ခဲ့သည်။

အလားတူ တိုင်းရင်းသားဒေသများရှိ မြစ်ချောင်းများတွင် ရေကာတာတည်ဆောက်ခြင်းလုံးဝမပြုလုပ်ရန်အပြင် တည်ဆောက်ပြီးစီးသည့် စီမံကိန်းများနှင့် လျာထားစီမံကိန်းများကြောင့် ထိခိုက်နစ်နာသူ ဒေသခံများအပေါ်ကု စားပေးရန်၊ ဌာနေတိုင်းရင်းသားများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များကို လေစားလိုက်နာရန်နှင့် လက်ရှိ ဖြစ်ပွားနေ ဆဲ ပဋိပက္ခများအဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ထွန်းမှုရရှိလာသည်အထိ ရေကာတာ စီမံကိန်းများ ကို ရပ်တန့်ထားရန် လိုအပ်ကြောင်း အဆိုပါ ကွန်ယက်များကသဘောထား ထုတ်ပြန်တောင်းဆိုထားသည်။

လက်ရှိမြန်မာနိုင်ငံရှိ မြစ်ချောင်းများပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ရေကာတာစီမံကိန်းကြီးငယ် ပေါင်း တစ်ရာကျော်ရှိသည့်အနက် သံလွင်မြစ်ချောင်းပေါ်တွင် စီမံကိန်း ကြီးငယ် ၁၄ခုပါဝင်ပြီး ကရင်ပြည်နယ် ထဲတွင် ဝဲကြီး(၄၅၄၀MW)၊ ဒါးကွင်(၇၂၀MW)နှင့် ဟတ်ကြီး(၁၂၀၀MW)ရှိသည့် ရေကာတာစီမံကိန်းတို့ ပါဝင်သည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here