ပြည်တွင်းစစ်ဒဏ်နှင့် ငြိမ်းချမ်းရေးအတွေ့အကြုံနှစ်မျိုးစလုံး ကရင်‌ဒေသခံများသိ‌ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

0
253
နိုင်ငံတော်အတိုင်ပင်ခံ၏ ကြာအင်းဆိပ်ကြီးမြို့လူထုတွေ့ဆုံပွဲ(MOI)

ဖေဖော်ဝါရီလ ၂၅ရက်၊ ၂၀၂၀ခုနှစ်

အပစ်ရပ်သဘောတူညီချက်ကြောင့် ငြိမ်းချမ်းရေးအတွေ့အကြုံကို ကရင်ပြည်နယ်က ပြည်သူပြည်သားများသိရှိကြောင်း အစိုးရအဖွဲ့ဝင်များနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့များသို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သွားရောက်၍ လူထုတွေ့ဆုံပွဲများပြုလုပ်စဉ် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “သမိုင်းကြောင်းအရ ကရင်ပြည်နယ်ဟာ ပြည်တွင်းစစ်ရဲ့ဒဏ်တွေကို ကောင်းကောင်းခံစားခဲ့ရတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်၊ အခုဆိုရင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကြောင့် တချို့နေရာတွေမှာ အေးချမ်းသွားတဲ့အခါ အရင်တုန်းက ငြိမ်းချမ်းရေးမရှိခင်တုန်းက အတွေ့အကြုံနဲ့ ငြိမ်းချမ်းရေးရပြီးတဲ့အတွေ့အကြုံနှစ်မျိုး စလုံးကို ကရင်ပြည်နယ်က ပြည်သူပြည်သားတွေ သိကြပါတယ်” ဟု ဆိုသည်။

ပြည်တွင်းစစ်‌ကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့သည့် ကိစ္စများကိုလည်း ပြန်ပြင်ဖို့လိုအပ်ကြောင်း၊ ပြည်သူတွေချမ်းသာလာဖို့နှင့် လုံခြုံလာအောင်လုပ်ဖို့ ကြိုးစားသည့်နေရာတွင် ပြည်သူများပါဝင်မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရှိခြင်းနှင့် မရှိခြင်း၏အကျိုးဆက်ကို ခံစားခဲ့ရသည့် ပြည်သူများသာနားလည်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျွန်မတို့တစ်တိုင်းပြည်လုံးမှာ ပြည်သူလူထုနဲ့တွေ့ဆုံပွဲတွေလုပ်တယ်ဆိုတာ ဒီရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ ပြည်သူတွေပါဝင်ပြီး တာဝန်ယူစောင့်ရှောက်ပေးနိုင်တဲ့ အကာအကွယ်စောင့်ရှောက်မှုလည်း ပေးနိုင်တဲ့အစိုးရမျိုးကို ကျွန်မတို့ထူထောင်ချင်ပါတယ်။ ဒီလိုအစိုးရမျိုး ထူထောင်ချင်တယ်ဆိုရင် အစိုးရနဲ့ပြည်သူကြားမှာ အမြဲတစေ ထိတွေ့မှု လိုအပ်ပါတယ်။ ဒါကြောင့်ကျွန်မတို့ဒီလိုတွေ့ဆုံပွဲတွေလုပ်တာပါ”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါလူထုတွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီဝင်များပါဝင်တက်ရောက်ကြောင်း သတင်းရရှိသည်။

သို့ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲများမှတစ်ဆင့် ဒေသခံများအတွက် ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးနိုင်လိမ့်မည်ဟုမထင်ကြောင်း၊ ယင်းကဲ့သို့လူထုတွေ့ဆုံများ သွားရောက်ပြုလုပ်နေသည်မှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း မွန်အမျိုးသမီးအစည်းအရုံး MWO ဥက္ကဌ မိကွန်းချမ်းနွန်က မကြာခင်ရက်ပိုင်းတွင် BBC သတင်းဌာနကို ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတော့သေချာတယ်။ ဒါပေမဲ့ ကျွန်မတို့အတွေ့အကြုံအရ အန်အယ်လ် ဒီအနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ တကယ်စေတနာရှိရှိနဲ့ ထောက်ပံ့ပေးတဲ့၊ ကူညီပံ့ပိုးပေးတဲ့ မူဝါဒမျိုး လုပ်ကိုင်ပေးခြင်းမျိုးကို ဘာမှတော့မတွေ့ခဲ့ရသေးဘူး။ ရွေးကောက်ပွဲနီးလာမှ တိုင်းရင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ရအောင်လုပ်တယ်လို့ပဲ မြင်ပါတယ်”ဟု ပြောသည်။

အန်အယ်လ်ဒီအစိုးရလက်ထက်ရခဲ့သည့် အတွေ့အကြုံများနှင့် ဆက်ရှိနေမည့်အနေအထားအရ တိုင်းရင်းသားများထံမှ ရွေးကောက်ပွဲအတွက် မဲရယူဖို့ဆိုတာကလွဲ၍ တိုင်းရင်းသားများအတွက် ပေးထားသည့်ကတိကဝတ်များကိုလည်း ပြည့်မီအောင် မလုပ်နိုင်ခဲ့ဘူးဟု ၎င်းကဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်တို့သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် လှိုင်းဘွဲ့နှင့် မြဝတီမြို့များသို့ သွားရောက်ကာ လူထုတွေ့ဆုံပွဲများ ဆက်လက်ပြုလုပ်သွားမည်ဟု ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရှမ်းပြည်နယ် ပင်လုံမြို့၊ ချင်းပြည်နယ် ထန်တလန်မြို့၊ တွန်းဇံမြို့နှင့် ကရင်ပြည်နယ်တို့ကို ယခုလအတွင်း လူထုတွေ့ဆုံပွဲများသွားရောက်ပြုလုပ်သည့် ခရီးစဉ်များသည် နိုင်ငံတော်ဘက်ဂျက်အသုံးပြု၍ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်နေခြင်းဖြစ်ကြောင်း တိုင်းရင်းသားပါတီတချို့မှ ဝေဖန်ကြသည်။

ဗညားအောင် (MNA) – ရေးသည်

LEAVE A REPLY

Please enter your comment!
Please enter your name here