ကချင် စစ်ရှောင်အမျိုးသမီးငယ်များ တရုတ်ပြည်သို့ ရောင်းစားခံနေရ

0
182

ကချင်တိုင်းရင်းသူအမျိုးသမီးငယ်များသည် တရုတ်နိုင်ငံသို့ ‘သတို့သမီးများ’ အဖြစ် ရောင်းစားခံမှုနှင့်ပတ်သက်ပြီး New York အခြေစိုက် Human Rights Watch အဖွဲ့ပြုစုသောအစီရင်ခံစာကို မတ် ၂၅ တနင်္လာနေ့ မြစ်ကြီးနားမြို့တွင် ရှင်းလင်းမှုပြုလုပ်ခဲ့သည်။

လူကုန်ကူးခံရသော ကချင်အမျိုးသမီးများအကြောင်း သုံးနှစ်ကြာ လေ့လာပြုစုထားသည့် “ငါ့တို့ကို ကလေးတစ်ယောက်မွေးပေးရင် မင်းကိုလွတ်ပေးမယ်” ဆိုသောအစီရင်ခံစာ ရှင်းလင်းခြင်း အစီစဉ်ကို HRW က ဦးဆောင်ပြီး Madira Hotel မှာ ပြုလုပ်ခဲ့သည်။

“ငါ့တို့ကို ကလေးတစ်ယောက်မွေးပေးရင် မင်းကိုလွတ်ပေးမယ်” ဟု အမည်ရှိ ဤအစီရင်ခံစာတွင် အဓိကအားဖြင့် ၂၀၁၆ မှ ၂၀၁၈ အတွင်း တရုတ်ပြည်သို့ မယားအဖြစ် ရောင်းစားခံခဲ့ရသော ကချင်အမျိုးသမီး (၃၇) ဦး၏ အကြောင်းအရာများအပြင် ဒုက္ခခံခဲ့ရသူများ၏ မိသားစု ၃စု၊ မြန်မာနိုင်ငံအစိုးရ အရာရှိများ၊ ရဲတပ်ဖွဲ့နှင့် ဒေသန္တရအဖွဲ့များအပြင် အခြားသူများနှင့် တွေ့ဆုံမေးမြန်မှုများပေါ် အခြေခံပြီး ပြုစုထားသည်ဟု အစီရင်ခံစာရေးသားပြုစုသူ Heather Barr က ပြောသည်။

တရုတ်ပြည်သို့ တရုတ်အမျိုးသား၏မယားများအဖြစ်ရောင်းစားခံရသော အမျိုးသမီးများသည် အသက် (၁၈)နှစ်အောက်ဖြစ်ပြီး သူတို့အများစုသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရှောင်စခန်းများမှဖြစ်ကြကြောင်း ဆိုသည်။

ရောင်းစားခံရသော အမျိုးသမီးများမှာ မိမိကိုယ်တိုင် ငွေကြေးမည်မျှဖြင့် ရောင်းစားခံရသည်ကိုမသိကြဘဲ ကိုယ်ဝန်ရစေရန် ပြုလုပ်ခဲ့ပြီး၊ အစီရင်ခံစာဖော်ပြချက်အရ အမျိုးသမီးတစ်ဦး၏ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၃၀၀၀ မှ ၁၃၀၀၀ အကြား ညီမျှသာ့်ငွေပမာဏဖြင့် ရောင်းစားခံရသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။
image.jpeg

မြန်မာ နှင့် တရုတ် နှစ်နိုင်ငံအစိုးရ အာဏာပိုင်များက လူကုန်ကူးခံရသော အမျိုးသမီးများ ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ထိရောက်မှုမရှိဘဲ ရောင်းစားခံရသော မိသားစု အချို့က မြန်မာရဲများထံသို့ အကူအညီသွားတောင်းရာ အရေးယူဆောင်ရွက်ပေးလိုပါက ငွေကြေးပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် တဖန် တရုတ်ရဲများထံသို့ ထွက်ပြေးလွတ်မြောက်သူများကလည်း လဝက ဥပဒေ ချိုးဖောက်မှုဖြင့် ရောင်းစားခံရသောအမျိုးသမီးများကို ကယ်တင်မည့်အစား ထောင်ချကြောင်းကို အစီရင်ခံစာတွင်ဖော်ပြထားသည်။

လူကုန်ကူးခံရသူများ လွတ်မြောက်ရေးနှင့် ကူညီပေးရေး တို့ကို သက်ဆိုင်ရာ မြန်မာ၊ တရုတ် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့မှ ထိရောက်စွာအရေးယူလုပ်ဆောင်ပေးစေလိုကြောင်း နှင့် လူကုန်ကူးမှုတားဆီးရေးအဖွဲ့များမှလည်း အရေးယူဆောင်ရွက်ခြင်းအပိုင်းကို ပိုမိုထိရောက်စွာ လုပ်ဆောင်စေလိုကြောင်း အစီရင်ခံစာက တောင်းဆိုထားသည်။

လူကုန်ကူးခံရသော စာရင်းနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch)၏ မေးခွန်းပေါ် မြန်မာအစိုးရ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန ဖြေကြားချက်အရ ၂၀၁၀ ခုနှစ်အတွင်း ၁၆၄ဦး၊ ၂၀၁၁ ခုနှစ်အတွင်း ၁၃၈ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ၁၅၃ဦး၊ ၂၀၁၄ ခုနှစ်အတွင်း ၁၃၄ဦး၊ ၂၀၁၅ ခုနှစ်အတွင်း ၁၀၀ဦး၊ ၂၀၁၆ ခုနှစ်အတွင်း ၁၀၆ဦး၊ ၂၀၁၇ ခုနှစ်အတွင်း ၁၈၁ ဦးနှင့် (၇)နှစ်အတွင်း လူကုန်ကူးခံရသူ စုစုပေါင်း ၁၁၁၅ ဦး ရှိသည်ကိုတွေ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here