မွန်ပြည်သစ်၏ မူးယစ်ဆေးဝါးဖမ်းဆီးမှု ပြည်နယ်အစိုးရ ကန့်ကွက်

0
492

မွန်ပြည်သစ်ပါတီတပ်ဖွဲ့က မုဒုံမြို့နယ် အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းမပေါ်၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း မူးယစ်ဆေးဝါးနှင့် လက်ဝယ်ကိုင်ဆောင်သူ ၈ ဦးတို့အား ဖမ်းဆီးခဲ့သည့်အတွက် မွန်ပြည်နယ်အစိုးရ ကန့်ကွက်စာရေးသားပေးပို့ခဲ့သည့် မိတ္တူတစ်စောင်ကို မွန်သတင်းအေဂျင်စီမှ လက်ခံရရှိခဲ့သည်။

မွန်ပြည်နယ်အစိုးရ၏ ရုံးအမှတ်တံဆိပ်ပါ မတ်လ ၂၂ ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးသို့ “ကန့်ကွက်ကြောင်း အကြာင်းကြားခြင်းကိစ္စ” စာအရ ယူနီဖောင်းလက်နက်မျိုးစုံ ကိုင်ဆောင်သည့် မွန်ပြည်သစ်တပ်ဖွဲ့ဝင် ၁၅ ဦးမှ အဆိုပါကားလမ်း၌ မော်တော်ယာဉ်/ဆိုင်ကယ်များအား မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးခဲ့ရာ စုစုပေါင်း WY စိတ်ကြွဆေးပြား ၄၆၈ ပြားနှင့် ဘိန်းစာရွက် ၄ ပိဿာခန့်ဖမ်းဆီးရမိခဲ့ကြောင်း၊ အောင်ဇော်ထက်ပါ ၈ ဦးအား ကွမ်လှာကျေးရွာအရှေ့ဘက်သို့ ခေါ်ဆောင်သွားကြောင်း ကန့်ကွက်စာတွင်ဖော်ပြထားသည်။

NMSP(မွန်) အဖွဲ့အနေဖြင့် NCA သဘောတူစာချုပ်ပါ သတ်မှတ်နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာခွင့်မပြုရေး၊ နယ်ဘက်ဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေး၊ ဖမ်းဆီးထားသူများအား ဥပဒေအရ အရေးယူနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ အမြန်အပ်နှံဆောင်ရွက်သွားရန်နှင့် အဆိုပါလုပ်ရပ်အား ကန့်ကွက်ကြောင်း ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက လက်မှတ်ရေးထိုး ပေးပို့ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ် Bilateral သဘောတူညီချက်အရ ကွမ်လှာကျေးရွာအရှေ့ဘက်ရှိ ကွမ်လှာတော ခန့်မှန်းမြေပုံအမှတ် S-458423 သည် မွန်ပြည်သစ်ပါတီ တပ်ခွဲရုံးနှင့် စိုက်ပျိုးရေး၊ ဖွံ့ဖြိုးရေးရုံးအတွက် သတ်မှတ်ထားပေးသော တပ်တည်နေရာဖြစ်ပြီး အဆိုပါ ကာလမ်းမနှင့် မိုင်အနည်းငယ်သာ ဝေးကွာလျက်ရှိကြောင်း အထက်ပါသဘောတူညီချက်မှတ်တမ်းများတွင် တွေ့ရှိရသည်။

မွန်ပြည်သစ်ပါတီအတွက် အစိုးရနှင့်တပ်မတော်သတ်မှတ်ပေးထားသော တပ်တည်ဧရိယာ ၁၈ နေရာရှိပြီး တပ်တည်တစ်ခုချင်းစီတွင် အချင်းဝက် ၅ မိုင်ပတ်လည်ရှိသော စက်ဝိုင်းသဏ္ဍာန်ဧရိယာရှိကြောင်း မွန်ပြည်သစ်ပါတီခေါင်းဆောင်များထံမှ သိရသည်။

သို့ရာတွင် မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် ပါဝင်နိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here