တိုင်းလက်ချည်ပွဲ ဦးဆောင်ခဲ့သူများကို အခြေခံကာ ရန်ကုန်ကရင်လူငယ်အဖွဲ့ စတင်ဖွဲ့စည်း

0
162

ရန်ကုန်တိုင်းဒေသကြီး လက်ချည်ပွဲ အခမ်းအနားကို ဦးဆောင်ခဲ့ကြသည့် လူငယ်များကိုအခြေခံကာ ရန်ကုန် ကရင်လူငယ်အဖွဲ့ကို ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ၊ Krab House စားသောက်ဆိုင်ခန်းမ၌ စက်တင်ဘာ ၂၈ ရက်(ယမန်နေ့) ညနေပိုင်းတွင် ဖွဲ့စည်းလိုက်သည်။

အဆိုပါ ကရင်လူငယ်အဖွဲ့ ပြန်ဖွဲ့စည်းရာတွင် ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နေ့တွင် ကျင်းပသည့် လက်ချည်ပွဲကို ဦးဆောင်ခဲ့သူများထဲမှ ကဏ္ဍအလိုက် လုပ်ရည်ကိုင်ရည်ရှိသည့် လူငယ်များကို ပြည်လည်ဖြည့်စွက် တာဝန်ပေး ဖွဲ့စည်းခြင်းဖြစ်သည်ဟု အဖွဲ့ပေါ်ပေါက်လာရေးအတွက် ဦးဆောင်စီစဉ်ပေးခဲ့သူ ရန်ကုန်တိုင်းဒေသကြီး ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ တွဲဖက်အတွင်းရေးမှူး စောဘိုဘိုဝေမောင်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “အဖွဲ့က ရှိပြီးသား၊ အခုမှဖွဲ့တာမဟုတ်ဘူး။ တိုင်းလက်ချည်ပွဲ အတွက် ဖွဲ့ထားပြီးသား။ အဲ့ပွဲမှာ ကဏ္ဍ အလိုက် အကောင်းဆုံးလုပ်ကိုင်နိုင်တဲ့သူတွေကို ပြန်လည်ရွေးချယ်ပြီး နေရာပေးတယ်။ အဖွဲ့ရဲ့ ဥက္ကဌ၊ အတွင်းရေးမှူး စသဖြင့် ဒါတွေကိုတော့ လူငယ်တွေကပဲ ရွေးချယ်ပေးခဲ့တယ်။ ကျနော်ကတော့ မပါတော့ဘူး။ ဖြစ်မြောက်အောင် စီစဉ်ပေးလိုက်တာပဲ” ဟု ဖွဲ့စည်းသည့် အခမ်းအနား၌ ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရန်ကုန်ကရင်လူငယ်အဖွဲ့တွင် အုပ်ချုပ်ရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ စည်းရုံးရေးကော်မတီ၊ စာပေနှင့် ပညာရေးကော်မတီ၊ စီးပွားရေးကော်မတီ၊ လူမှုရေးကော်မတီ၊ ယဉ်ကျေးမှုကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီနှင့် အားကစားကော်မတီ စုစုပေါင်း ကော်မတီ ၉ ခုပါဝင်ဖွဲ့စည်းထားသလို ကော်မတီ အလိုက် ကရင်မျိုးနွယ်စုများမှ ကရင်လူငယ်များ ပါဝင်အောင်ရွေးချယ်ဖွဲ့စည်းခဲ့သည်။

ရန်ကုန် ကရင်လူငယ်အဖွဲ့ ဥက္ကဌ အဖြစ် ဝိုင်းဝန်း အဆိုပြု တာဝန်ပေးခြင်းခံရသူ နော်ဝါးဝါးချမ်းမင်းက“ရှေ့လုပ် ငန်းစဉ် အနေနဲ့ရန်ကုန်တိုင်းထဲမှာ ကရင်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ဒေသတွေထဲက ဖွံ့ဖြိုးမှုနည်းတဲ့ နေရာ တွေကို လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် အဖွဲ့အနေနဲ့ လုပ်ဆောင်ပေးသွားဖို့ရှိတယ်။ ကျမတို့က အခုမှစဖွဲ့တာ ဆို တော့ ပြန်တိုင်ပင်ပြီးတော့ တခြားကရင်လူငယ်အဖွဲ့တွေဖြစ်တဲ့ KYOတို့၊ KYN စသဖြင့်ပေါ့၊ ချိတ်ဆက်လုပ် ဆောင် သွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဖွဲ့အနေဖြင့် ရန်ကုန်တွင်ရှိသည့် ကရင်လူများကို ခြုံငုံမိသည့် အဖွဲ့ တစ်ခုအနေဖြင့် တည်ထောင် လိုက်ခြင်းဖြစ်သလို အဖွဲ့၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများကို ရေးဆွဲသွားရန် တိုင်ပင်လုပ်ဆောင်သွားမည်ဟု သတင်း နှင့် ပြန်ကြားရေးကော်မတီ ဥက္ကဌ မန်းသောသျှမ်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရန်ကုန်ကရင်လူငယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် မိတ်ဆုံစားပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ရန်ကုန်တိုင်း ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ကရင်လူငယ် များအပါအဝင် စုစုပေါင်း ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here