စစ်ကောင်စီတပ် က်ရေယာဥ် ၂ စီးကို AA တိုက်ခိုက်၊ ရေယာဉ်ပေါ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ရွာထဲကျရောက်ပေါက်ကွဲသဖြင့် ကျေးရွာအတွင်းရှိ အသက် ၈၀ အရွယ် အဖိုး ၁ ဦးအပါအဝင် ရွာသာ ၅ ဦး ပြင်းထန်ဒဏ်ရာရ

0
99

၇ နိုဝင်ဘာ ၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အတွင်းမှ စစ်ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်၍ ဇက်ရေယာဉ်က တုံ့ပြန်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာများထဲ ကျရောက်ပေါက်ကွဲ၍ အသက် ၈၀ အရွယ် အဖိုး ၁ ဦးအပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူများမှာ ကျောက်တော်မြို့နယ် ရွှေပြည်ရွာသစ်ကျေးရွာမှ တစ်အိမ်တည်းနေ ဦးမောင်တူ (၈၀ နှစ်)၊ သူ၏မြေးဖြစ်သူ ကိုနိုင်နိုင်ဦး (၃၁ နှစ်)၊ ကိုနိုင်နိုင်ဦး၏ဇနီး ဒေါ်ခိုင်ခိုင်မိုး (၃၂ နှစ်)၊ ဘေးနားအိမ်မှ မမိုးမိုးရီ (၂၂ နှစ်) နှင့် မြင်းကပ်ကျေးရွာမှ ရွာခံ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၅ ဦးတို့ဖြစ်ကြသည်။

ရွှေပြည်ရွာသစ်ကျေးရွာနှင့် မြင်းကပ်ကျေးရွာထဲသို့ နိုဝင်ဘာလ ၄ ရက် နံနက် ၁၀ နာရီကျော်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ယခုကဲ့သို့ ဒဏ်ရာရမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ရွာသားတစ်ဦးက ပြောသည်။

“အဖိုးဦးမောင်သူကတော့ အခြေအနေမကောင်းဘူး။ ဒဏ်ရာတော်တော်ပြင်းတယ်။ ကျန်တဲ့သူတွေမှာတော့ ကျောကုန်း၊ လက်၊ ခြေတွေမှာ ဒဏ်ရာရတယ်။ ဆေးရုံပို့ဖို့ အခု နာရေးကားတွေခေါ်ထားတယ်” ဟု ပြောသည်။

လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဦးမောင်သူ၏ ဦးခေါင်းနှင့် နားထင်ပေါက်ထွက်သွားပြီး သူ၏မြေးဖြစ်သူ ကိုနိုင်နိုင်ဦးတွင် ဘယ်ဘက်ပေါင်၌ ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

အလားတူ ကိုနိုင်နိုင်ဦး၏ဇနီး ဒေါ်ခိုင်ခိုင်မိုးတွင် ကျောကုန်းနှင့်လက်တို့တွင် ထိခိုက်ခဲ့ပြီး ဘေးနားအိမ်မှ မမိုးမိုးရီတွင် ညာဘက်ခြေထောက်၏ ခြေမျက်စိပျက်စီးသွားခဲ့သည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူက ပြောသည်။

မြင်းကပ်ရွာမှ အမျိုးသမီးတွင် ဘယ်ဘက်လက်မောင်း၌ ထိခိုက်ခဲ့သည်ဟု သိရသည်။

စစ်တွေဘက်မှ ကုလားတန်မြစ်အတိုင်းတက်လာသည့် အဆိုပါ စစ်ဇက်ရေယာဥ်များကို AA တပ်ဖွဲ့ဝင်များက ကျောက်တော်မြို့အရှေ့ဘက်ကမ်းရှိ သကြားစက် မော်ထောက်အနီးတွင် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင်စတင်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရ၍ စစ်ဇက်ရေယာဥ်များဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးအနားဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေ၍ ယခုကဲ့သို့ အပြစ်မဲ့ဒေသခံရွာသားများ ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “သူတို့က ကျောက်တော် စကခ (၉) တပ်မကိုလာတာ။ အဲဒီမှာ တိုက်ခိုက်ခံရလို့ သူတို့က အဲဒီကနေ ဖြိုပစ်နေတာ” ဟု ပြောသည်။

အဆိုပါ စစ်ဇက်ရေယာဥ် ၂ စီးပေါ်တွင် ရိက္ခာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပါရှိပြီး တပ်ဖွဲ့ဝင်အင်အားမည်မျှပါရှိသည်ကို ပစ်ခတ်မှုများရှိနေဆဲဖြစ်သည့်အတွက် သွားမကြည့်ရဲ၍ မသိနိုင်သေးဟုလည်း ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းကလည်း စကခ (၉) တပ်မအနီး ကုလားတန်မြစ်တွင် ရပ်နားထားသည့် စစ်ဇက်ရေယာဉ် ၂ စီးသည် AA ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်အတွက် စခက (၉) က လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့် နဂရာကျေးရွာမှ ရွာသားအချို့လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရပြီး အနီးအနားကျေးရွာအချို့မှ ရွာသားအချို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here