AA နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် မောင်တောမြောက်ပိုင်းတွင် စကစတပ် လုံခြုံရေးတင်းကျပ်

0
240

၁၀ ဖေဖော်ဝါရီ ၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်က ကားလမ်းတစ်လျှောက်တွင် လုံခြုံရေး တင်းကျပ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်တွင် ယခင်တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများနှင့် ငန်းချောင်း၊ ကြက်ရိုးပြင်၊ ရေကျော်တံတား စသည့်နေရာတို့တွင် မြန်မာစစ်တပ်က လုံခြုံရေးတင်းကျပ်ထားကာ ခရီးသွားများကို စစ်ဆေးမှုရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ကြိမ်ချောင်းအထက်ပိုင်းနဲ့ တိုက်ပွဲဖြစ်တဲ့နေရာနားမှာ နယ်ခြားစောင့်ရဲတွေနဲ့ စစ်သားတွေအပြည့် လုံခြုံရေးတင်းကျပ်ထားတယ်။ တောင်ပေါ်လမ်းတွေမှာလည်း လုံခြုံရေးအပြည့်ချထားတယ်”ဟု မောင်တောမြောက်ပိုင်းကျေးရွာများသို့ သွားလာနေသည့် ယယာဉ်မောင်းတစ်ဦးက DMG ကိုပြောသည်။

ယင်းအပြင် မင်္ဂလာညွန့်ကျေးရွာနှင့် ကပ်လျက်ရှိနေသည့် အနောက်ဘက် တောင်ကုန်းပေါ်တွင်လည်း မြန်မာစစ်တပ်မှ လက်နက်ကြီးများကို အသင့်အနေအထား တပ်ဆင်ထားကြောင်း ဒေသခံတို့က DMG ကို ပြောဆိုကြသည်။

အဆိုပါနေရာများတွင် မြန်မာစစ်တပ်မှ လုံခြုံရေးတင်းကျပ်စွာချထားမှုကြောင့် ဒေသခံများမှာ လမ်းခရီးတွင် အန္တရာယ်တစ်ခုခု ကျရောက်လာမည်ကို စိုးရိမ်မှုရှိသဖြင့် တချို့ယာဉ်မောင်းများမှာ အလုပ်နားနေကြောင်းလည်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့အကြောင်းနဲ့ ကားသမားတွေ မထွက်ရဲကြဘူး။ ကျနော်တို့ကားသမားတွေက ခရီးသည်တွေ၊ ကုန်ပစ္စည်းတွေနဲ့ သွားလာနေတာဆိုတော့ လမ်းမှာတစ်ခုခုဖြစ်သွားမှာ စိုးရိမ်ရတယ်လေ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ နောက်ထပ်ယာဉ်မောင်းတစ်ဦးက DMG ကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၇) ရက်နေ့ ညအချိန်တွင် မြန်မာစစ်တပ်နှင့် AA တိုက်ပွဲဖြစ်ပွားရာ၌ ကားတစ်စီးမိုင်းဆွဲခံရသဖြင့် မွတ်ဆလင်ယာဉ်မောင်းတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့သဖြင့် အသွားအလာများကို ကန့်သတ်ခဲ့သည်။

သို့သော် ယနေ့တွင် သွားလာသူများကိုစစ်ဆေးပြီးနောက် သွားလာခွင့်များ ပြုလုပ်နေသည်ဟု သိရသည်။

မောင်တောမြောက်ပိုင်းဒေသ၌ ယင်းသို့လုံခြုံရေးတင်းကျပ်ထားမှု၊ ခရီးသွားတို့ကိုစစ်ဆေးမှုတို့ရှိနေသည်ဟု ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG ကဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ယင်းကြောင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့ရာတွင် ဖုန်းကိုင်သူတစ်ဦးက “ဗိုလ်မှူးကြီးအစည်းဝေးတက်နေတယ်” ဟုသာ တုန့်ပြန်ခဲ့သည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here