မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲကြောင့် ဒေသခံအရပ်သားနှစ်ဦး သေဆုံး

0
186

၉ ဖေဖော်ဝါရီ ၂၀၂၂

မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာနှင့် ငန်းချောင်း (မွတ်ဆလင်) ကျေးရွာအကြားတွင်ဖေဖော်ဝါရီလ ၇ ရက် ညနေ ၁၁ နာရီကျော်ခန့်က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုမှာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီးတွင် ကားတစ်စီးဖြတ်သန်းသွားလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စီးနင်းလာသည့် အမျိုးသမီးတစ်ဦးနှင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးတို့ သေဆုံးသွားသည်ဟု ဖားဝပ်ချောင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“သူတို့တွေမှာ ခြေထောက်တွေ၊ ခေါင်းတွေမှာ ကွဲပြဲလို့တွေ့ရတယ်။ မိုင်းထိလို့သေတယ်လို့ကြားရတယ်။ သူတို့ စီးနင်းလာတဲ့ကားကတော့ ရှေ့ကကားခေါင်းတွေ ပွင့်ထွက်သွားပြီး တာယာတွေ ပေါက်ထွက်သွားတယ်” ဟု ၄င်းကဆိုသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်စောခင်လှဆိုသူဖြစ်ပြီး ဖားဝပ်ချောင်းကျေးရွာမှဖြစ်သည်။

၄င်းသည် သစ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ယမန်နေ့ညက မောင်တောဘက်သို့ သစ်ပို့ရန်သွားစဉ် စီးနင်းလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ယာဉ်မောင်းလည်း သေဆုံးသွားသည်။

ယာဉ်မောင်းမှာ ငန်းချောင်း (မွတ်ဆလင်) ကျေးရွာမြှဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ သေဆုံးမှုများရှိလာနေသဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးမှဒေသခံများမှာလည်း အသက်အန္တရာယ် စိုးရိမ်လျက်ရှိကြသည်။

လက်ရှိတွင် ဒေသခံများမှာ ရွာပြင်ပသို့သွားလာရန်ပင် ကြောက်ရွံ့နေကြသည်ဟု ဖားဝပ်ချောင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့ညကတိုက်ပွဲဖြစ်တော့ တစ်ညလုံးအိပ်မရဘူး။ ဂျိန်းဆိုတဲ့အသံကြားရတော့ အရင်တုန်းကလို မိုင်းပေါက်ကွဲတယ်ထင်တာပေါ့။ အရင်တုန်းကတော့ ဟိုနေရာ၊ဒီနေရာမှာ မိုင်းပေါက်ကွဲသံတွေကြားရတယ်ဆိုတော့ အခုလည်းမိုင်းပေါက်တယ်လို့ထင်တာပဲ။ နောက်ခဏနေတော့ သေနတ်အဆက်အပြတ်ပစ်ခတ်သံတွေကြားရလာပြီ။ ဒီလိုတစ်ခါမှာ မကြုံဖူးတော့ သားသမီးတွေနဲ့အတူ အိမ်အောက်မှာဝပ်နေကြတယ်” ဟု ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် နားလည်မှုဖြင့် အပစ်အခတ်ရပ်တန့်ခဲ့သည်။

သို့သော်လည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် မောင်တောမြို့နယ်မြောက်ပိုင်း၌ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

လက်ရှိ မောင်တောမြောက်ပိုင်းတွင် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်ဆင်လှုပ်ရှားမှုအပေါ်မူတည်ပြီး တိုက်ပွဲဖြစ်ပွားလာမည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက DMG သို့ပြောဆိုထားသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here