မြေမြှုပ်မိုင်း ၄ ကြိမ်ပေါက်ကွဲခဲ့သော အလယ်စခန်းရွာအနီးတဝိုက်တွင် ဒေသခံများခြံမသွားရဲကြဟု မွန်လွှတ်တော်ဒုဥက္ကဌပြော

0
220

ပြီးခဲ့သည့် နိုဝင်ဘာနှင့် အောက်တိုဘာလများအတွင်း မြေမြှုပ်မိုင်း ၄ ကြိမ်ပေါက်ကွဲခံရသော တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတဝိုက်တွင် ယခုအခါ ဒေသခံများခြံထဲ မသွားရဲကြဖြစ်နေကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါကြောင်လျှာကွင်းဒေသတဝိုက်တွင် ရာဘာခြံ၊ ကွမ်းသီးခြံ၊ ဒူးရင်းခြံစုစုပေါင်း ၄၀၀ ဝန်းကျင်ခန့် စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြောင်း၊ ယခုအခါ ကွမ်းသီးပေါ်ချိန်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ဒေါက်တာအောင်နိုင်ဦးက “ ခြံထဲမသွားရဲတော့ ဘာဖြစ်လာသလဲဆိုရင် လူမှုရေးပြဿနာတင်မကဘဲ စီးပွားရေးပြဿနာကိုလည်း အများကြီးရင်ဆိုင်လာရတယ်၊ မိုင်းတွေခဏခဏပေါက်ကွဲလို့ ခြေထောက်တွေပြတ်တာ၊ အသက်အန္တရာယ်စိုးရိမ်ရတာတွေအပြင် စီးပွားရေးနဲ့ စားဝတ်နေရေးအတွက် ရပ်တည်နေရတဲ့ခြံလုပ်ငန်းတွေ မလုပ်မကိုင်ရဲတဲ့အထိ စိုးရိမ်ပူပန်မှုတွေဖြစ်နေရတယ်” ဟု ဆိုသည်။

Photo- ရေးမြို့ သီရိမင်္ဂလကျောင်းတိုက်၌ တွေ့ဆုံကြစဉ်(Nai Aung Oo)

ရေဖြူနှင့် ရေးမြို့နယ်တောင်ပိုင်းမှ အထင်ကရမွန်ဆရာတော်ကြီးများ၊ ဒေသခံများနှင့် မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌတို့ ယမန်နေ့မွန်းလွဲပိုင်းတွင် ရေးမြို့ သီရိမင်္ဂလကျောင်းတိုက်၌ တွေ့ဆုံကြစဉ် ယင်းကဲ့သို့ မိမိအားတင်ပြခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“အခုလက်ရှိဖြစ်သွားတဲ့ နောက်ဆုံး ၄ ကြိမ်မိုင်းထိခဲ့တဲ့ကိစ္စမှာ အဓိကဖြစ်နိုင်ခြေရှိတဲ့လက်သည်တွေကို သူတို့(ဒေသခံများ) သုံးသပ်တင်ပြခဲ့ကြတယ်၊ ဒါကိုလည်း နိုင်ငံရေးအရဖြစ်ဖြစ် စစ်ရေးအရဖြစ်ဖြစ် ဝိုင်းဝန်းကူညီပေးကြဖို့၊ မူလအရင်းခံပြဿနာကိုလည်း ကူညီဖြေရှင်းဖို့ကိုလည်း နည်းလမ်း၊ အကြံဉာဏ် သုံးသပ်ချက်တွေ ပေးခဲ့ကြတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

နိုဝင်ဘာ ၂၉ နှင့် ၁၀ ရက်နေ့၊ အောက်တိုဘာ ၂၈ နှင့် ၁၅ ရက်နေ့များတွင် လူသွားလမ်းနှင့်ခြံများအတွင်း မိုင်း ၄ ကြိမ်ပေါက်ကွဲခဲ့ရာ မွန်ပြည်သစ်ရဲဘော်တစ်ဦးအပါအဝင် လူ ၃ ဦးခြေထောက်ဖြတ်တောက်ခံရပြီး မော်တော်ဆိုင်ကယ်တစ်စီး ပျက်စီးခံခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အလားတူ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၏ ဒီဇင်ဘာ(၄) ရက်နေ့ထုတ်ပြန်ချက်၌ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုက ခြံလုပ်ကိုင်နေသော မွန်လူမျိုးများအား ၎င်းဒေသတွင် မနေနိုင်စေရန် လူသွားလမ်းနှင့် ယာခြံတို့တွင် မိုင်းထောင်ထားခြင်းဖြင့် လူထုအားရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြောင်း ၊ အဆိုပါလုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ဒေသခံမိဘပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုရှိစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ထို့အတူ အဆိုပါဒေသရှိ ဒေသခံမိဘပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုရှိစေရေးအတွက် KNU ကရင်အမျိုးသားအစည်းအရုံး ဝင်းရေးမြို့နယ်နှင့် မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်မှ တာဝန်ရှိပုဂ္ဂိုုလ်များ ဒီဇင်ဘာ ၅ ရက်နေ့က မွန်ပြည်သစ်ပါတီ ဝယ်ဇင်စခန်းတွင်း၎င်း၊ ရေးမြို့၌ ယနေ့ညနေပိုင်းတွင်၎င်း တွေ့ဆုံဆွေးနွေးခဲ့ရာ အခြေအနေတိုးတက်မှုရှိလာကြောင်း NMSP ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here