ငြိမ်းချမ်းရေးအတွက် NCAသည် အကောင်းဆုံးလမ်းဖြစ်ဟု ဒူးပလာယာခရိုင်ဥက္ကဌ ပြောဆို

0
188

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA လမ်းကြောင်းသည် ကရင်အမျိုးသားအတွက် အကောင်းဆုံးလမ်းဖြစ်သည်ဟု နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင်ကျင်းပသည့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် ၄ ကြိမ်မြောက် ဝင်းရေးမြို့နယ် ညီလာခံ အခမ်းအနားတွင် ခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းက ပြောသည်။

၎င်းက “ NCA လမ်းကြောင်းသာလျှင် ကရင်အမျိုးသားအတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်တယ်။ KNU က ရှေ့ဆောင်လမ်းပြ ချပေးလိုက်တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အဖြေကို ရနိုင်တဲ့အဆင့်ထိ ရောက်သွားနိုင်တယ်။ မပြေလည်မှုတွေ အဆင်မပြေမှုတွေ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။ ရလဒ် ပေါ်ထွက်လာတဲ့အဆင့်ထိ စိတ်ရှည်သီးခံသွားဖို့ လိုအပ်တယ်” ဟု ပဒိုစောရွှေမောင်းက ညီလာခံ အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

ထို့အပြင် ၆၃ နှစ်အတွင်း တစ်ဘက်နှင့်တစ်ဘက် ရန်သူဟုသတ်မှတ်ပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမအ ချင်းချင်း တိုက်ခိုက်လာခဲ့သည့်အပေါ် တိုင်းပြည်နှင့် ပြည်သူများသာ ဒုက္ခရောက်သည့် ရလဒ်သာ ရရှိခဲ့သလို ကရင်အမျိုးသားပြည်သူများအတွက် KNU ၏ ဆုံးဖြတ်လိုက်သော လမ်းကြောင်းသာလျှင် အားလုံးလျှောက် လမ်းကြရန် ပဒိုစောရွှေမောင်းက တိုက်တွန်းပြောဆိုသည်။

နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင်သည့် ညီလာခံ ပထမနေ့တွင် ကရင်အမျိုးသား အလံတော်အလေးပြုခြင်းနှင့် ကရင့်တော်လှန်ရေးတွင် အသက်ပေးလှူခဲ့သည့် အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ သဘာပတိ မိန့်ခွန်းပြောကြားခြင်း၊ အမြဲတမ်းကော်မတီ၏ အစီရင်ခံစာများ ဖတ်ကြားတင်ပြခြင်းအပေါ် ညီလာခံကိုယ်စား လှယ်များက ပြန်လည်ဆွေးနွေးသုံးသပ်အတည်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ကရင့်ရေးရာကော်မတီ(KAC)အတွင်းရေးမှူး စောကျော်စွာက “ NCA လမ်းကြောင်းအတိုင်းပဲ ငြိမ်းချမ်းရေးရမယ်ဆို တာကို အများစု လက်ခံလို့ရတယ်။ အထဲမှာပါတဲ့ ဆူးညှောင်ခလုတ်တွေ ပြုပြင်ပြီးမှသွားရင်တော့ အဆင်ပြေ မယ်။ အခုအကောင်အထည်ဖော်နေတဲ့ လက်ရှိ NCA လမ်းကြောင်းအတိုင်းသွားနေရင်တော့ တစ်သက်လုံး မရဘူး။ NCA ထဲမှာပါတဲ့ အကောင်အထည်ဖော်မှု မဖော်ပြတာလည်းပါတယ်။ ဖော်ရမှာ အားနာတာလည်းပါ တယ်။” ဟု နိုဝင်ဘာ ၂၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ညီလာခံသို့ KNU ခရိုင်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စု ၄ဝ ကျော်မှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံလူထုများအပါအဝင် ၄ဝဝ ဦးကျော် တက်ရောက်ခဲ့ပြီး ညီလာခံတွင် မြို့နယ်အဆင့် တာဝန်ရှိသူများကို ရွေးကောက်သွားမည်ဖြစ်သလို ညီလာခံကို နိုဝင်ဘာ ၂၈ထိ ဆက်ကျင်းပသွားမည်ဟု သိရ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here