ကိုဗစ်ကာလအတွင်း တိုင်းရင်းသားပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း KHRG ထုတ်ပြန်

0
207

ဒီဇင်ဘာ ၁၀ရက်၊ ၂၀၂ဝပြည့်နှစ်။

မြန်မာပြည်တောင်ပိုင်းရှိ ဒေသခံ တိုင်းရင်းသားများသည် ကိုဗစ်ကပ်ရောဂါ နှင့်ဆက်စပ်၍ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့်အပြင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပါ ကြုံတွေ့နေရဆဲဖြစ်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ထုတ်ပြန်ကြေညာလိုက်သည်။

ဒေသခံ တိုင်းရင်းသားများအနေဖြင့် ပဋိပက္ခကာလကို ကြာမြင့်စွာ ရင်ဆိုင်ခဲ့ရသည့်အပြင် လက်ရှိ ကိုဗစ်ကာ လတွင်လည်း ၎င်းတို့၏ အသက်ရှင် နေထိုင်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်အပြင် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတို့ အတွက် လျစ်လျူရှု့ခံထားရ ကြောင်း KHRG က ဆိုသည်။

KHRG ၏ ပြောခွင့်ရ စောနန္ဒဆူး က “ ဒီကိုဗစ်ကာလမှာလည်းပဲ အခွင့်အရေးချိုးဖောက်ခံရမှု အမျိုးမျိုးရှိ နေသေး ပါတယ်။ အဓိက ကျတာက Right to livelihood ပေါ့။ အထူးဖြင့် ဒေသအာဏာပိုင်တွေရဲ့ ကပ်ရောဂါ ကာကွယ်တားဆီးမှု အစီအစဉ်တွေမှာ သွားလာမှု ကန့်သတ်ချက်တွေကြောင့် ဒေသခံ ကျေးရွာသားတွေက သူတို့ တောင်ယာစပါးခင်းတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်မရတော့တာကြောင့် သူတို့ရဲ့ စားဝတ် နေရေး အပေါ်မှာ ထိခိုက်စေတာမျိုးရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် မြန်မာ့ တပ်မတော်၏ လက်ရှိ ကာလအတွင်း အပစ်ရပ် လက်မှတ်စာချုပ်ပါ ကတိကဝတ်များကို ချိုးဖောက်ပြီး နယ်မြေချဲ့ ထွင်လှုပ်ရှာမှုများကြောင့် လက်နက်ကိုင်ပဋိပက္ခ ဆက်လက် ဖြစ်ပေါ်လျက်ရှိပြီး ဒေသ ခံ ပြည်သူများ၏ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုကို ဆက်လက်ဖြစ်ပေါ်စေလျက်ရှိကြောင်းလည်း စောနန္ဒဆူး က ဆက်ပြောသည်။

အပစ်ရပ်ကာလကို အခွင့်ကောင်းယူပြီး ၎င်းတို့ နယ်မြေထဲတွင် တပ်အင်အား နှင့် တပ်စခန်းသစ် တိုးချဲ့ ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း KNUဘက်မှ ထုတ်ပြန်ပြောဆိုခဲ့ဖူးသလို NCA ပါ သဘောတူ ညီချက်များကို လိုက်နာအကောင်အထည်ဖောင်နိုင်ခြင်းမရှိဘဲ ကျေးရွာဒေသများတွင် တပ်မတော်တပ်စခန်း သစ်များအခိုင်အမာ တိုးချဲ့ တည်ဆောက်မှုများရှိကြောင်း နှင့် ပြန်လည်ရုတ်သိမ်းပေးရေး တောင်းဆိုချက်ပါ သဘောထားထုတ်ပြန်ချက်ကိုလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA က ဒီဇင်ဘာလ ၁ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ သေးသည်။

လက်ရှိ ကိုဗစ်ကပ်ရောဂါကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို အစိုးရ အပြင် ကရင်အမျိုးသား အစည်းအရုံး-KNU အနေဖြင့် ကူညီဖြေရှင်းပေးရမည်ဖြစ်သလို ဒေသခံ ရွာသား များအပေါ်တွင်လည်း လူ့အခွင့် အရေး ချိုးဖောက်မှုများ ဆက်လက်မဖြစ်ပွားစေရန် အာမခံချက် ပေးရ မည်ဖြစ်သည်ဟုလည်း KHRG က တိုက်တွန်းထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ စီးပွားရေး ကုသမှု အစီအစဉ်(Myanmar’s Covid-19 Economic Relief Plan) တွင်လည်း သက်ဆိုင်ရာ ကူညီထောက်ပံ့ပေးသည့်အဖွဲ့အစည်းများ၊ အစိုးရ နှင့် KNU အဖွဲ့အစည်းတို့မှ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး မည်သူ့ကိုမျှ ချန်လှပ်ထားခြင်းမရှိစေရန် သေချာစွာ လုပ်ဆောင် သင့်ကြောင်းလည်း KHRGက ဆက်လက်တိုက်တွန်းထားသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂမှ အတည်ပြု ပြဌာန်းလိုက်ပြီး ယနေ့ ၇၂ ကြိမ်မြောက် ရှိပြီးဖြစ်သည်။ KHRG မှဦးဆောင်၍ ယနေ့ ကျရောက် သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု အခမ်းအနားများကိုလည်း ပြည်တွင်း နယ်စပ် ဒေသများတွင် နှစ်စဉ်ပြုလုပ်ကျင်းပလျက်ရှိသည်။

စအိုင်ဆူး (KIC) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here