RCSS ၊ SSPP၊ TNLA တို့အကြား တိုက်ပွဲများကြောင့် ရှမ်းမြောက်ဒေသ နမ္မတူမြို့နယ်အတွင်း ဒေသခံ တစ်ရာကျော် စစ်ဘေးရှောင်နေရ

0
231

ဒီဇင်ဘာလ ၉ ရက်နေ့မနက်ပိုင်း မန်စံရောက် ရွာမှစစ်ရှောင်များ (ဓာတ်ပုံ – သျှမ်းသံတော်ဆင့်)

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၀ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နမ္မတူမြို့နယ်အတွင်း တပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဒီဇင်ဘာလ ၉ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ရာကျော်လည်း စစ်ဘေးတိန်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

မနေ့က ဖြစ်ပွားသည့် နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်အတွင်းတိုက်ပွဲများကြောင့် ရွာသား ၁၂၀ ကျော် စစ်ဘေး ရှောင်နေရသည်ဟု မန်စံကျေးရွာက ဒေသခံ ကိုသန်းထိုက် က ပြောသည်။

“နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်ပေါ့နော်၊ ၇ မိုင် အကွာအဝေးမှာရှိတဲ့ နားကဲကျေးရွာမှာဖြစ်တာပေါ့နော်။ လက် ရှိတော့ တိုက်ပွဲက ရပ်သွားပြီ။ စကားဝါ ဘုန်းကြီးကျောင်းမှာ ရောက်နေတယ်။ SNLD ရယ်။ ကျန်းမာရေး ဌာန ရယ်၊ ကျေးရွာကော်မတီတွေကနေ လောလောဆယ် ထောက်ပံ့ထားပါတယ်။ အားလုံးကတော့ လူဦး ရေ ၁၂၀ နီးနီးလောက်ရှိတယ်။ သူတို့ ရွာတွေက ပိန်းလုံ၊ နားကျဲ၊ နားကျိုင်း၊ ကွန်ကျောင်း ရွာလေးရွာက လူတွေပေါ့။ အခြေအနေက စိတ်ချရမှု သိပ်မရှိဘူး။ စစ်ရေးကလည်း တပ််မတော် စစ်ကြောင်းတွေလည်း ရောက်ရှိ နေတယ် ဆိုတော့ RCSS လည်း ရှိတယ်ဆိုတော့ အခြေ အနေ က ခန့်မှန်းလို့မရဘူး။ စားရေး သောက်ရေးက အဓိက လိုအပ်တာပါ။”

ဒီဇင်ဘာလ ၉ ရက်နေ့တွင် နမ္မတူမြို့နယ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ဟု PSLF/TNLA က ပြောသည်။

တိုက်ပွဲဖြစ်ပွားနှင့် ပတ်သက်၍ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ဒီနေ့မနက် ၈း၄၅ လောက်ကနေ ၉ နာရီကျော်ကျော်အထိ RCSS နဲ့ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ နဲ့ SSPP ပေါ့။ နမ္မတူမြို့နယ် နားကဲရွာမှာ ရောက်တဲ့အချိန် အထက်ဘက်မှာရှိနေတဲ့ RCSS က လှမ်းပစ်တယ်။ လှမ်း ပစ်တဲ့အခါမှာ နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်တယ်။ အဲ့မှာ နာရီဝက်ကျော်ကျော်လောက်ကြတယ်။ တိုက်ပွဲပြီးခါနီးကျတော့ ၉း၅၀ လောက်မှာ ခလရ ၃၂၄ က ကျနော်တို့ ရှိတဲ့နေရာကို လာရောက်ပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်တော့ ခလရ ၃၂၄ နဲ့ တိုက်ပွဲ မိနစ် ၂၀ လောက်ပြန်ဖြစ်တယ်။ နောက်ပိုင်းတော့ ပြန်ငြိမ်သွားတယ်။ ကျနော်တို့နဲ့ RCSS ဖစ်တော့ ခလရ ၃၂၄ က လာပြီး ကူပစ်တဲ့သဘောပေါ့။ တိုက်ပွဲက သုံးပွင့်ဆိုင်ပုံစံမျိုးဖြစ်သွားတယ်ပေါ့” ဟု ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မတော်နှင့် RCSS တို့အား ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့ပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ ကလည်း သီပေါမြို့နယ်ထဲတွင် RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့ ကလည်း နမ္မတူမြို့နယ်ထဲတွင် RCSS နှင့် တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယခုလဆန်းပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေရသည့် ကြောင်းအရင်းနှင့် ပတ်သက်၍ ဗိုလ်မှူး မိုင်းအိုက် ကျော် က “အဓိက ဖြစ်ရတဲ့အကြောင်းအရင်းက ဖြစ်တာကတော့ ၂၀၁၈ လောက် ကတည်းက အဲ့ဒီနားမှာ နယ်မြေကျူးကျော်ဝင်ရောက်လာတယ်၊ အဲ့တုန်းကလည်း တစ်ကြိမ်ပေါ့နော်။ အဲ့တုန်းကလည်း RCSS နဲ့ SSPP နဲ့ ကျနော်တို့ ပူးတွဲပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်တော့ RCSS နဲ့ တိုက်ပွဲ ပြင်းပြင်း ထန် ထန် ဖြစ်ခဲ့တယ်။ အဲ့ကနေပြီးတော့ သူတို့က ဆုတ်ခွာသွားတယ်။ အဲ့မှာ တိုက်ပွဲက ငြိမ်သွားတယ်။ ၂၀၁၉-၂၀ အခုပေါ့နော် မြန် မာ့တပ်မတော်က အဲ့ဒီဒေသမှာ ထိုးစစ်ဆင်တက်လာတော့ ကျနော်တို့လည်း တိုက်ပွဲ မဖြစ်အောင် ရှောင် တယ်။ ရှောင်လည်း ဒီ မြန်မာစစ်တပ်ကဝင်တဲ့နေရာကို RCSS က လိုက်ပြီး ဝင်ရောက်လာတယ်။ အဲ့လိုမျိုးဝင် လာတဲ့အတွက် အခုဒီလိုမျိုး တိုက်ပွဲပြန်ဖြစ်လာတာ” ဟု ဆက်ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့် အနီးတစ်ဝိုက်တွင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က TNLA နဲ့ SSPP တို့ ပူး တွဲ စစ်ရေးလှုပ်ရှားခဲ့သည့် နေရာများဖြစ်သည်ဟု TNLA ပြောသည်။

ရှမ်းပြည်ပြန်လည်ထူရေးကောင်စီ RCSS အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်သည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှမ်းပြည် နယ် မြောက်ပိုင်းကို ကျူးကျော်ဝင်ရောက်လာသည့် အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA က ပြောသည်။

အဆိုပါပြောဆိုမှုနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေးကလည်း ၎င်းနေရာများ တွင် RCSS အနေဖြင့် သွားလာလှုပ်ရှားနေသည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဟု ဒီဇင်ဘာလ ၇ ရက်နေ့က ဆက်သွယ်မေးမြန်းရာတွင် ပြောဆိုထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့ ၉ ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက် မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

TNLA နှင့် SSPP တို့မှာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ နှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့၀င်များ ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည်။

အားမီ (NMG) – ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here