ဖားကန့် မှော်ဝမ်းကလေး လူထု နှင့် ကုမ္ပဏီ ကြား အငြင်းပွားမှု ဖြစ်နေ

0
236

ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်၊ မှော်ဝမ်းကလေးမှော်တွင် နေထိုင်ကြသော ဒေသခံပြည်သူအချို့ နှင့် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများကြား အငြင်းပွားမှုဖြစ်နေပါသည်။

ရွှေနဂါးကိုးကောင် လုပ်ကွက် အမှတ်(၈၀) ကျောက်မျက်တူးဖော်ခြင်း လုပ်ကိုင်ဆောင်ရွက် နေသော အနီးတဝိုက်ရှိ ဒေသခံများနေအိမ် အချို့သည် မြေပြိုကျမှု ဖြစ်လာသည့် အတွက် ယခုလို အငြင်းပွားလာခြင်းဖြစ်သည်ဟု သိရသည်။

စက်တင်ဘာ ၃ ရက်နေ့ ကျောက်စိမ်းရုံးမှ လာရောက်ကွင်းဆင်းစစ်ဆေးချိန်၌ ၎င်းနေရာများသည် ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်တွင် ပါဝင်နေကြောင်း ပြောဆိုခဲ့သည့်အပေါ် ဒေသခံပြည်သူ အချို့ ယခုလို ပြောသည်။

“ကျနော်တို့ ဒီနေရာမှာ နေလာတာ ၁၀ နှစ်ကျော်ရှိလာပြီ ခုမှ အစိုးရက ချပေးထားတဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဆိုပြီး အမျိုးမျိုး ပြောလာကြတယ်” ဟု ကုမ္ပဏီအနီးတဝိုက်နေထိုင်သူ ဦးထွန်းသာ က ကချင်သတင်းဌာန KNG သို့ ပြောဆိုသည်။

အဆိုပါ ကုမ္ပဏီများအနေဖြင့် အနက်ပေ ၃၀၀ ကျော်ခန့်အထိ စက်ယန္တရားကြီးများဖြင့် တူးဖော်နေကြသည့် အတွက် အနီးတဝိုက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များ ပြိုကျရန် အန္တရာယ်များလာသောကြောင့် ဒေသခံများသည် သြဂုတ် ၉ ရက်နေ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သို့ လာရောက်စစ်ဆေး ပေးရန် အသနားခံစာ တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော် ဒေသခံများက သက်ဆိုင်ရာဌာနသို့ မည်သို့ပင် တင်ပြစေကာမူ လာရောက် စစ်ဆေးမှုသာ ပြုလုပ်ခဲ့ပြီး ယနေ့ချိန်ထိ ထူးခြားလာခြင်း မရှိကြောင်း ၎င်းကဆက်ပြောသည်။

၎င်းတို့အငြင်းပွားမှု ဖြစ်နေသည့် နေရာသည် ယခင်အုပ်ချုပ်ရေးမှူးဟောင်း (ယခု ဤကိစ္စတွင် ရပ်မိရပ်ဖ) အဖြစ် ပါဝင်ဆောင်ရွက်နေသည့် ဦးဘရန်ဆိုင်း လက်ထက်တွင် အစိုးရမှ တရားဝင် ချပေးထားသည့်နေရာများ ဖြစ်ကြောင်းသိရသည်။

ယင်းမြေနေရာနှင့်ပတ်သက်ပြီး လွန်ခဲ့သော ဇူလိုင်လ ၂ ရက်နေ့ မှော်ဝမ်းကလေး အုပ်ချုပ်ရေးရုံးတွင် ဒေသခံပြည်သူများအတွက် မြေပြိုမှုအန္တရာယ်မရှိအောင် ကုမ္မဏီဘက်မှ တာဝန်ယူရန်ဝန်ခံ ကတိ ထိုးထားကြောင်း သိရသည်။

သို့သော် ကုမ္ပဏီဘက်မှစာချုပ်ပေါ် လိုက်နာခြင်းမရှိဘဲ နေအိမ်ထိတူးဝင်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ စက်တင်ဘာလ ၃ ရက်နေ့တွင် ဖားကန့်ကျောက်စိမ်းရုံးမှ လာရောက်ကွင်းဆင်းခဲ့ကြပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် သဘာဝသယံဇာတ ထိန်းသိမ်းရေးအဖွဲ့မှလည်း လာရောက် စစ်ဆေးသွားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here