အချူပ်ကျ အမျိူးသမီးအား မုဒိမ်းပြုကျင့်သည့်ကိစ္စ ပလက်ဝမြို့ ရဲတပ်ဖွဲ့ ငြင်းဆို

0
275

၃ ဒီဇင်ဘာ ၂၀၂၀။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ ရဲစခန်းအချူပ်တွင် အချုပ်ကျနေသည့် ချင်းအမျိုးသမီးတစ်ဦးအား ရဲကင်း စောင့်တပ်ကြပ်မှ မုဒိမ်းပြုကျင့်ခဲ့သည်ဟု စွပ်စွဲမှုပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း ပလက်၀မြို့ရဲစခန်း ကငြင်းဆိုထားသည်။

ပလက်ဝမြို့ရဲစခန်းရှိ အချုပ်ခန်းတွင် အချုပ်ကျနေသူ အမျိုးသမီးမှာ ရဲတပ်ကြပ်တစ်ဦးမှ နို၀င်ဘာလ (၂၈) နေ့ မနက်ပိုင်းတွင် အဓမ္မပြုကျင့်ခဲ့သည်ဟု လူမှုကွန်ယက်ပေါ်တွင်ပြန့်နှံ့လာခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ ရဲစခန်းမှူး ဒုရဲမှူး၀င်းလွင်ကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် မဟုတ်မမှန်သည့်အပြင် ဆေးစစ်ချက် အရလည်းကောင်း မဖြစ်ခဲ့ကြောင်း ပြောဆိုသည်။

“ ကျနော်က စခန်းမှူးဆိုတော့ မနက် (၈) နာရီတန်းစီတဲ့အချိန်မှာလည်း စစ်ဆေးရတယ်လေ ကျနော်တို့ဖက်က ဘာမှကို မဖြစ်ခဲ့တာ နောက်ကျမှ မီဒီယာမှာ ကောက်တင်လိုက်တော့ ဒီမှာက အင်တာနက်မရဘူး၊ အင်တာနက်ရတဲ့သူငယ်ချင်းတွေက လှမ်းမေးတဲ့အခါကျမှ သိတာ၊ ကျနော်တို့ဆီမှာ ကိုဗစ်ကူးစက်သူနဲ့ ထိတွေ့နေသူရဲ့ အစ်ကိုတစ်ယောက် အရက်သောက်တတ်ပြီး နည်းနည်းကြောင်တတ်နေသူ သီးသန့် Quarantine ထားတဲ့သူတစ်ယောက် ရှိတယ်၊ ကျနော်ကလည်း ဆရာ၀န်ပြောတဲ့အတိုင်းထိတွေ့လို့မရဘူး အရက်တိုက်လို့လည်းမရဘူး အဲဒီကနေစတာ သူကမြင်တယ်ပေါ့ တကယ်တမ်းတော့မဟုတ်ဘူး ဒီအမျိုးသမီးစိတ်ကအရမ်းဖောက်တဲ့သူတော့ မဟုတ်ဘူး စိတ်မငြိမ်တာပေါ့၊ မနေ့က ကျနော်တို့ဒီအမျိုးသမီးကို ဆရာ၀န်ဆီမှာစစ်ဆေးခိုင်းတယ် ကာမဆက်ဆံခံရလားပေါ့ စစ်တော့ဗျာ အမျိုးသမီးက ဓမ္မတာလာနေတယ် ၂၇ ရက်နေ့ကနေစပြီးတော့ ၃၀ ထိပေါ့ သွေးထွက်တာ သွေးကျတဲ့အချိန်ပေါ့ ဆရာ၀န်တောင်စိတ်ညစ်သွားတယ် အဲလိုဖြစ်နေတာ ဆေးစစ်ချက်အရတော့ ဘာမှမဟုတ်ဘူး” ဟု ပလက်ဝမြို့ရဲစခန်းမှူး၀င်းလွင်က ပြောသည်။

အဆိုပါအမျိူးသမီးသည် ပလက်ဝမြို့နယ် အောက်ဘလိုင်ကျေးရွာနေ (ဘ) ဦးအောင်ခိန်း၏သမီး ဒေါ်ကိုးထင်း(ကလေးနှစ်ယောက်မိခင်) ဖြစ်ပြီး ၂၀၂၀ သြဂုတ်လ (၇) ရက်နေ့က စိတ်ဖောက်ပြန်ပြီး သူ၏ ကလေးနှစ်ကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုရန် ပလက်ဝမြို့ရဲစခန်းသို့ ထိန်းသိမ်းခံထားရသူဖြစ်သည်ဟု သိရသည်။

မုဒိန်းပြုကျင့်သူဟု စွတ်စွဲခံထားရသူတပ်ကြပ်အမျိူးသားမှာလည်း အသက် (၅၀) ၀န်းကျင်ဖြစ်ပြီး ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဆေးပင်စင်ယူရန် စခန်းမှူးမှ လျာထားသူဖြစ်ပြီး ကျန်းမာရေး မကောင်းခြင်းကြောင့် အတွင်းကင်းစောင့်အဖြစ် ထားရှိသူဖြစ်သည်ဟု စခန်းမှူးက ဆက်ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက “ကျနော်တို့က သိပ်အသေးအစိတ်တော့ မသိဘူး၊ စခန်းကပဲ သိမှာ ဟိုဟာပေါ့ စော်ကားခံရတဲ့ပုံစံမျိုးပေါ့ Facebook မှာ တက်တယ်လို့တော့ ပြောတယ် မြို့နယ်ရဲနဲ့ ဌာနဆိုင်ရာတို့ခေါ်ပြီးတော့ စုံစမ်းတာမေးမြန်းတာ လုပ်တယ်ထင်တယ်၊ ဟုတ်မဟုတ်တော့ ကျနော်တို့မသိဘူး၊ ကံယာကာရှင်တွေမေးမှပဲသိမှာ မမြင်ရဘဲ သွားပြောလို့မရဘူးလေ၊ ကျန်းမာရေးစစ်ဆေးချက်ယူတယ်လို့ ပြောတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာစိုးသက်ဝင်းကို ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းကြည့်ရာတွင် ကာမစပ်ယှက်မှုရှိမရှိ ဆေးပညာအရ စစ်ဆေးခဲ့ကြောင်း သို့သော်လည်း ထုတ်ဖော် ပြောဆို၍မရကြောင်း ပြောဆိုသည်။

“ကျနော်တို့ဆီမှာ ကာမစပ်ယှက်ခြင်းရှိမရှိ စစ်ဆေးဖို့ဆိုပြီးတော့ ပို့တယ်ခင်ဗျား၊ ပို့တော့ကျနော်တို့စစ်ဆေးရတယ်ပေါ့နော်၊ စစ်တဲ့အဖြေကတော့ ဆေးစာနဲ့ တရားရုံးမှာပဲ ပြန်ပြီးထွက်ဆိုရမှာပေ့ါ၊ အခုက ကျနော်တို့ ပြောလို့မရဘူး၊ တရားရုံးက ဆင့်ခေါ်မှပဲ ဆေးစာနဲ့ပတ်သက်တဲ့အချက်တွေကို တရားရုံးမှာ ပြောပြရမှာပါ’’ ဟု ဒေါက်တာစိုးသက်၀င်းက ပြောသည်။

လားနွန် (KMG) – ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here