ယခုနှစ်ကုန်အတွင်း တပ်မတော် တပ်စခန်းများလုံးဝ ရုတ်သိမ်းပေးရန် KNLA ကြေညာချက်ထုတ်

0
202

ဒီဇင်ဘာ ၁ရက်၊ ၂၀၂ဝပြည့်နှစ်။

ငြိမ်းချမ်းရေး နှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးကိုရှေးရှု့သည့် အနေဖြင့် ကျေးရွာများအတွင်း ယခင် စခန်းချ တပ်စွဲထားသည့် တပ်စခန်းများနှင့် အသစ်တိုးချဲ့ထားသည့် တပ်စခန်းများကို ယခုနှစ်(၂၀၂၀)ကုန်အတွင်း အပြီးအပိုင် ရုတ်သိမ်းပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNU၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်(KNLA)က ယနေ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်တောင်း ဆိုလိုက်သည်။

အစိုးရ၊တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး-KNU တို့အကြား NCA အပစ်ရပ်သဘောတူ လက်မှတ် ရေးထိုးထားနိုင်သော်လည်း ယနေ့အချိန်ထိ NCA ပါ တပ်ပိုင်းဆိုင်ရာသဘောတူညီချက်များကို အကောင်အ ထည်ဖော်နိုင်ခြင်းမရှိဘဲ NCA အပေါ် အခွင့်အရေးယူသည့် ချိုးဖောက်မှုတွေအပေါ် ပြင်ဆင်ဆောင်ရွက်ဖို့ KNLA ဘက်က ယခုလို ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

KNLA ၏ ပြောခွင့်ရ ဗိုလ်မှူးချုပ် မန်းရှာထုဝေါ်က “ကျနော်တို့ NCA လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ့ တပ်မတော်ဘက်က အခွင့်ကောင်းယူပြီးတော့ ကျနော်တို့ အချို့ဒေသမှာ မလိုလားအပ်တဲ့ တပ်စခန်း အသစ်တိုးချဲ့တာတွေ စခန်းအခိုင်အမာတည်ဆောက်မှု လုပ်တာတွေ တွေ့ရတယ်။ နောက်ပြီး ညှိနှိုင်းမှုမရှိဘဲ ထင်သလို စိတ်တိုင်းကြ သွားလာလှုပ်ရှားတာတွေ ဒီကနေ့အထိ ရှေ့တိုးလုပ်ဆောင်နေတာတွေ့ ရတယ်။ ဒီလို တစ်ဖက်သတ်ဆန်တဲ့ အပြုအမှုက နှစ်ဖက်တပ်တွေ အကြား ယုံကြည်မှုကိုပျက်ပြား စေပြီးတော့ NCA သဘော တူညီချက်ကိုလည်း ချိုးဖောက်ရာကျတယ်။ ဒီကနေ မလိုလားအပ်တဲ့ စစ်ရေးပဋိပက္ခတွေကိုလည်း ဖြစ်ပေါ် လာ စေနိုင်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထိုသို့ မလိုလားအပ်သည့် စစ်ရေး ပဋိပက္ခများ ထပ်မံဖြစ်ပွားမှုများ မရှိစေရန် တပ်မတော်အနဖြင့် NCA ပါ ကတိကဝတ်များကို ထိန်းသိမ်းလိုက်နာဆောင်ရွက်စေလိုပြီး အသစ်ဖွဲ့စည်းလာမည့် အစိုးရသစ်အနေဖြင့်လည်း ငြိမ်းချမ်းရေး လိုလားသည့်ဆန္ဒရှိပါက တပ်မတော်အပေါ် ပြန်လည် ထိန်းကြောင်းမှုပြုရန် တာဝန်ရှိကြောင်း လည်း ဗိုလ်မှူးချုပ် မန်းရှာထုဝေါ်က ဆက်ပြောသည်။

KNLA ၏ ထုတ်ပြန်ချက်အရ မကြာမီဖွဲ့စည်းမည့် အစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် အရေးတ ကြီး ကြိုးပမ်းလုပ်ဆောင်ရန် မျှော်လင့်ကြောင်း နှင့် အစိုးရသစ်အနေဖြင့် အမြန်ဆုံးစဉ်းစားဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သော အချက် (၅) ချက်ကိုပါ ထည့်သွင်း တောင်းဆို ထားသည်။

အဆိုပါ အချက်များအရ NCA ပါ သဘောတူညီချက်များမှ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘဲ စစ်ရေးဆိုင်ရာ သွားလာလှုပ်ရှားမှုများကို သတ်မှတ် သဘော တူညီချက်အတိုင်း မလုပ်ဆောင်ဘဲ ဒေသခံ ပြည်သူ များနှင့် ဆက်စပ်သည့် ဒေသများမှာ တပ်စခန်း ချခြင်း မပြုရန်၊ တပ်စခန်းသစ် နှင့်တပ်အင်အားတိုးချဲ့ဆောင်ရွက်ချက်များကို မပြုလုပ်ရန် အစရှိသည့် သဘော တူညီချက်များအပေါ် မြန်မာ့တပ်မတော်ဘက်မှ ချိုးဖောက်မှု များရှိကြောင်း ပြောဆိုထားသည်။

ထိုသို့ တပ်စခန်း ရုတ်သိမ်းပေးရေး တောင်းဆိုချက်အပြင် နှစ်ဖက်သဘောတူညီချက်များအတိုင်း လေးစား လိုက်နာမှု မရှိဘဲ ဆက်လက်ချိုးဖောက်မှုများ ရှိပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများသည် အစိုးရ နှင့် မြန်မာ့တပ်မတော်၏ ငြိမ်းချမ်းရေး တည်ဆောက်ရေး ဆိုင်ရာပျက်ကွက်မှုသာ ဖြစ်ကြောင်း နှင့် KNLA အနေဖြင့် အမျိုးသား နှင့် နယ်မြေလုံခြုံရေးအတွက် မလွဲမသွေ ခုခုံကာကွယ် သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသော်လည်း တပ်မတော် နှင့် KNLA တို့အကြား နယ်မြေကျော်လွန် လှုပ်ရှားသည့် အကြောင်းပြချက်များဖြင့် ထိတွေ့ ပစ်ခတ်မှုများ မကြာခန ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်သေ ဆုံးမှုနှင့် ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိခဲ့ပြီး NCAအပေါ် ချိုးဖောက်မှုများ ပြုသည်ဟုဆိုကာ အပြန်အလှန် စွပ်စွဲ ပြောဆိုမှုများလည်း မကြာခန ပေါ်ပေါက်လျက်ရှိသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ နှင့် အစိုးရ ၊တပ်မတော် တို့ အကြား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို စတုတၳအကြိမ်အထိ ပြုလုပ်ထား နိုင်ခဲ့ပြီး ရွေးကောက်ပွဲ အလွန်တက်လာမည့် အစိုးရသစ်နှင့် ရှေ့ဆက် လုပ်ဆောင်နိုင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)ကိုလည်း သဘောတူ လက်မှတ်ရေးထိုးထားသည်။

စအိုင်ဆူး (KIC) – ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here