တိုင်းရင်းသားဒေသ တပ်မတော် ထိုးစစ်ရပ်ရန် ဂျပန်ရောက် ကချင်များ တောင်းဆို

0
127

မြန်မာ့တပ်မတော်မှ ကချင်၊ ကရင်၊ ရှမ်း နှင့် ရခိုင်ပြည်နယ် ဒေသများတွင် မတရားကျူးကျော် ထိုးစစ်ဆင်မှုများ ချက်ချင်းရပ်တန့်ပြီး စစ်သားများကို အမြန်ဆုံးရုပ်သိမ်းပေးရန် ဂျပန်ရောက် ကချင်လူမျိုးများမှ စက်တင်ဘာ၂၀ ရက်နေ့ ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြ တောင်းဆိုမှုပြုလုပ်ခဲ့သည်။

ယခုလက်ရှိ မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ်တွင် တပ်ရင်းပေါင်း ၁၀၈ ရင်း၊ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဒေသတွင် တပ်ရင်း ၂၈ ရင်း၊ ရှမ်းပြည်မြောက်ပိုင်းတွင် ပြည်သူ့စစ် ၂၉ ဖွဲ့ တို့ဖြင့် အင်အားများ အလုံးအရင်း သုံးကာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် မတရားကျူးကျော် ထိုးစစ်ဆင်မှုများကို ရုပ်သိမ်းပေးရန် ပြင်းထန်စွာတောင်းဆိုကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ (၂၄)ရက်တွင် ချုပ်ဆိုထားသော KIO နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကိုယ်စားလှယ်တို့ နှစ်ဦးနှစ်ဖက် နားလည်သဘောတူညီချက်များ အပေါ် အခြေခံပြီး အပစ်အခက်ရပ်စဲရေး ကိစ္စ ဆက်လက်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် နှင့် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ဲကြသော ၂၀၁၃ ခုနှစ် မတ်လ (၃၀)ရက်နှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ (၁၀) ရက် သဘောတူညီချက်များကို ဆက်လက် ထိန်းသိမ်း လေးစားလိုက်နာ ရန် IDPS ဆိုင်ရာ ကိစ္စများကို ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန် နှစ်ဖက် သဘောတူညီသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် ချုပ်ဆိုရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးမှ သက်သေအဖြစ်ပါဝင်ရန်တို့ကို ကချင်အမျိုးသားအစည်းအရုံး KNO (ဂျပန်) မှ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည့်အစား စစ်ရေးနည်းဖြင့် ဖြေရှင်းနေသော မြန်မာ့တပ်မတော်နှင့်အစိုးရ ကို ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ မှ တစ်ကျော့ပြန် ပြည်တွင်းစစ်ပြင်းထန်လာသည်မှာ ယနေ့ အချိန်ထိ ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here