တပ်မဟာ ၅ နယ်မြေတွင်း ထိတွေ့ပစ်ခတ်မှုကိစ္စ JMC-U အစည်းအဝေးတွင် တင်ပြချက်မရှိဟု ဆို

0
160

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေတွင် နှစ်ဖက်တပ်များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့်ဖြစ်စဉ်အပေါ် စက်တင်ဘာ ၁၂ မှ ၁၄ ရက်ထိ ရန်ကုန်မြို့တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၈) ကြိမ်မြောက်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ခြင်းမရှိဟု ကော်မတီအတွင်းမရေးမှူး-၁ ဒေါက်တာရွှေခါးက ပြောသည်။

၎င်းက“တပ်မဟာ ၅ ကိစ္စနဲ့ ပတ်သက်ပြီးတော့ JMC-S (ပြည်နယ်အဆင့်)မှာ တော်တော်လေး ဆွေးနွေးထားတယ်။ ဒီတစ်ခေါက် ဒီမှာကတော့ တပ်မဟာ(၅) ကိစ္စနဲ့ တင်ပြချက်တွေမရှိဘူး။ ဒါပေမဲ့ အဲ့ဒီမှာ လမ်းဖောက်တဲ့ ကိစ္စနဲ့ ပတ်သက် ပြီးတော့ လူထုတွေကို နားလည်အောင်ရှင်းပြမယ်ဟာဆိုတာကိုတော့ ကျနော်တို့လုပ်ထားတာ ရှိပါတယ်” စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင်ပြုလုပ်သည့် ကော်မတီအစည်းအဝေးပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

ထို့အပြင် ကော်မတီ၏ အရပ်သားကိုယ်စားလှယ်များမှ ကေအဲန်ယူ ဌာနချုပ်သို့ သွားရောက်၍ တာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းကာ ကေအဲန်ယူ၏ ပြန်ကြားချက်များအပေါ်မူတည်ပြီး ညှိနှိုင်းလုပ်ဆောင်သွားရန် ရှိသည်ဟု ဒေါက်တာရွှေ ခါးက ဆက်ပြောသည်။

ကေအဲန်ယူ၊ တပ်မဟာ ၅ နယ်မြေတွင် ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နေ့မှ စတင်ကာ နယ်မြေကျော် ဝင်ရောက် လာသည့် အစိုးရတပ်မတော်နှင့် ထိတွေ့ပစ်ခတ်မှုများ တကျော့ပြန်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၈ ရက်နေ့ထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိသည်ဟု ကေအဲန်ယူဘက်က ပြောဆိုထားသည်။

သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ရှမ်းပြည်နယ်အတွင်း သျှမ်း(ရှမ်း)ပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ-RCSS တပ်ဖွဲ့ဝင် သစ်စုဆောင်းမှုကိစ္စ၊ တိုင်ကြားစာများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ရှမ်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအဆင့် အပစ်ရပ်ပူး တွဲစောင့်ကြည့်ရေး ကော်မတီများဖွဲ့စည်းသွားရန် ကိစ္စရပ်များဆွေးနွေးခဲ့သည်ဟု JMC-U အတွင်းရေးမှူးများက ပြောသည်။

ကော်မတီ အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က “ LCM ကတော့ JMC-S မွန်နဲ့ ကရင်မှာ ရှေ့ပြေးကနဦး အစီအစဉ် အဖြစ်စဖွဲ့မယ်။ မွန်မှာတော့ ကျိုက်မရောမြို့နယ်၊ ဒမုခို ရွာကိုရွေးထားပါတယ်။ ကရင်မှာတော့ ကော့ကရိတ်မြို့နယ်က လောင်ကိုင်နဲ့ နောင်တဘွဲ ကျေးရွာအုပ်စုတွေမှာ အထူးသဖြင့် ပဋိပက္ခများများ ဖြစ်နိုင်တဲ့ နေရာတွေမှာ စတင်ဆောင် ရွက်သွားဖို့ ရွေးချယ်ထားတာရှိပါတယ်”ဟု ပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ၂၀၁၅ ခုနှစ် အောက်တို ဘာလအတွင်းက စတင်ဖွဲ့ခဲ့ပြီး ကော်မတီတွင် တပ်မတော်မှ ကိုယ်စားလှယ်များ၊ အပစ်ရပ်တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် နှစ်ဖက် သဘောတူ အဆိုပြုလက်ခံထားသည့် အရပ်သားကိုယ်စားလှယ်များ ပါဝင်ပြီး ကော်မတီဖွဲ့စည်းမှု သုံးနှစ် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here